အိန္ဒိယဆေးရုံမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးလူနာ သေဆုံး

6-11-2020-yyl-019.jpg

အိန္ဒိယဆေးရုံမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုကြောင့် အသက် ၂၀ အရွယ် လူနာအမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြပါတယ်။ လူနာမိန်းကလေးက အဓမ္မပြုကျင့်ခံရတဲ့အကြောင်း သူ့မိဘတွေကို ပြောပြခဲ့ပြီး ကွယ်လွန်သွားခဲ့တာပါ။ လူနာမိန်းကလေးရဲ့အဖေက ဆေးရုံစီမံခန့်ခွဲရေးအဖွဲ့ကို အဲဒီဖြစ်ရပ်အကြောင်း သွားပြောပြခဲ့ပေမဲ့ သူ့သမီးက စိတ်ကျန်းမာရေးမကောင်းဘူးလို့ တုံ့ပြန်ခံခဲ့ရပါတယ်။

အဲဒီနောက်မှာ သူ့အဖေက ခရိုင်အရာရှိတွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာပါ။ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုနဲ့ လူသတ်မှု ကျူးလွန်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါပြီ။ ဒါပေမဲ့ ကျူးလွန်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဥတ္တာပရာဒက်ရှ်ပြည်နယ်၊ ကိုခရာမြို့မှာ နေထိုင်တဲ့ လူနာမိန်းကလေးငယ်ဟာ ဖျားနာမှု၊ ဗိုက်အောင့်ဝေဒနာတွေကြောင့် ပုဂ္ဂလိကဆေးရုံကို တင်ပို့ခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ကျူးလွန်ဖွယ်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူပြီး ဆေးရုံလိုင်စင်ကိုလည်း ရုပ်သိမ်းသွားမယ်လို့ ခရိုင်အရာရှိက ပြောပါတယ်။ ဒါပေမဲ့ ဆေးရုံမန်နေဂျာကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး နောက်ကွယ်ကနေ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ နေ့စဉ်နေ့တိုင်း အဓမ္မပြုကျင့်မှု ၉၀ ဖြစ်ပွားနေတယ်လို့ အမျိုးသားမှုခင်းမှတ်တမ်းဗျူရိုရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အဓမ္မပြုကျင့်ခံရသူ တော်တော်များများက သူတို့ဘဝမှာ အမည်းစက်ထင်ကျန်ခဲ့မှာ စိုးရိမ်ပြီး တိုင်ချက် မဖွင့်ကြပါဘူး။

ပြီးခဲ့တဲ့အပတ်ကလည်း တီဘီရောဂါကြောင့် ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ သတိရတစ်ချက်၊ မရတစ်ချက် အခြေအနေမျိုးနဲ့ ကုသခံနေရတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ မကြာသေးခင်ကလည်း အိမ်က ထွက်ပြေးလာတဲ့ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း ပြန်ပေးဆွဲခံရပြီး လယ်တောတစ်ခုထဲမှာ ၂၂ ရက်ကြာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top