ထီပေါက်ရင် သူငယ်ချင်းဖြစ်သူနဲ့ တစ်ဝက်စီခွဲယူမယ်ဆိုတဲ့ ကတိကို တည်ပေးခဲ့တဲ့ အမျိုးသား

21-7-2022-13.jpg

မြောက်ကာရိုလိုင်းနားမှာ နေထိုင်တဲ့ ပယ်ရီ ချားလ်ဆိုသူက ထီဆုကြီးပေါက်ခဲ့ရင် တစ်ဝက်စီ ခွဲယူကြမယ်လို့ သူ့သူငယ်ချင်း စကော့တ် အက်ဝက်ဒ်နဲ့အတူ ကတိပြုခဲ့ကြတာပါ။ သူတို့တွေက သူငယ်ချင်းသက်တမ်း (၃၅) နှစ်ရှိပါပြီ။ အဲဒီကတိကို နှစ်အကြာကြီး ထိန်းသိမ်းလာခဲ့ကြတာပါ။

ပြီးခဲ့တဲ့ အပတ်က ပယ်ရီက ဒေါ်လာ ၃၆၁,၅၂၇ Fast Play ထီဆုကြီးပေါက်ခဲ့ပြီး ကတိအတိုင်း သူ့သူငယ်ချင်းဖြစ်သူနဲ့ တစ်ဝက်စီ ခွဲယူခဲ့ပါတယ်။ လက်ဆင်န်တန်မြို့က Mast Food Mart ကနေ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ ပယ်ရီက ထီပေါက်တယ်ဆိုတာ သိခဲ့ပြီး စကော့တ်ကို ဖုန်းဆက်ပြီး ဒီသတင်းပြောပြခဲ့ပါတယ်။

“ကျွန်တော့်အတွက် ထီဆုငွေပမာဏက အများကြီးဖြစ်တဲ့အတွက် ပြောစရာစကားမရှိလောက်အောင် အရမ်းအံ့ဩတုန်လှုပ်သွားခဲ့တာ။ ပယ်ရီက သူ ကျွန်တော့်ကို စနေတာမဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် သူပြောတဲ့အရာတွေက အမှန်တွေဆိုတာ သိတယ်။ သူက သူငယ်ချင်းအစစ်အမှန်ပါပဲ။ မိသားစုလိုပါပဲ”လို့ စကော့တ်က ပြောပါတယ်။

ပယ်ရီက Mast Food Mart ကနေ ၅ ဒေါ်လာတန် Double Win ထီလက်မှတ်ကို ဝယ်ခဲ့တာပါ။ လက်မှတ်ဝယ်တုန်းက Fast Play Jackpot ဆုကြေးက ဒေါ်လာ ၇၂၃,၀၅၄ ပါ။ ၅ ဒေါ်လာတန် ထီလက်မှတ်တစ်စောင်က Jackpot ဆုကြေးရဲ့ ၅၀ ရာခိုင်နှုန်းပဲ ရရှိတာပါ။ ပယ်ရီနဲ့ စကော့တ်တို့က ထီဆုငွေကို သွားထုတ်တော့ ဖယ်ဒရယ်နဲ့ ပြည်နယ်အခွန်တွေ ပေးရတာကြောင့် ထီဆုငွေ ဒေါ်လာ ၁၂၈၃၆၂ ရရှိခဲ့ပါတယ်။

ပယ်ရီနဲ့ စကော့တ်တို့က Winn-Dixie မှာ အလုပ်လုပ်ရင်း တွေ့ဆုံခဲ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့တာပါ။ “သူက ကျွန်တော့်သူဌေးပဲ။ ကျွန်တော်တို့ ကြီးကြီးမားမားတစ်ခုခု ပေါက်ခဲ့ရင်၊ ထီလက်မှတ်ကို အတူတူထိုးပြီး ပေါက်ခဲ့ရင်ပဲဖြစ်ဖြစ်၊ တစ်ယောက်ချင်း ထီထိုးလို့ ပေါက်ခဲ့ရင်ပဲဖြစ်ဖြစ် တစ်ဝက်စီခွဲယူကြမယ်ဆိုတဲ့အကြောင်း အမြဲပြောခဲ့တာ”လို့ စကော့တ်က ရယ်မောပြီး ပြောပါတယ်။

Ref: People.com “Friends of Over 30 Years Keep Promise to Split Lottery Jackpot with One Another: ‘a True Friend'”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top