ပါးစပ်လှုပ်ပြတာကိုကြည့်ပြီး ပြန်ပေးဆွဲခံရသူ အမျိုးသမီးကို ရဲမေက ကယ်တင်ပေးခဲ့

11.6.23-yyl-11.jpg

ပါးစပ်လှုပ်ပြတာကိုကြည့်ပြီး ပြန်ပေးဆွဲခံရသူ အမျိုးသမီးကို ကယ်တင်ပေးနိုင်ခဲ့တဲ့ ရဲမေဟာ သူရဲကောင်းအဖြစ် ချီးကျူးခံနေရပါတယ်။ North Myrtle Beach ရဲဌာနရဲ့ ရဲမေ ဝေါလေ့စ်ဟာ မေလ ၂၈ ရက် နံနက်အစောပိုင်းက အမှတ် ၁၇ အဝေးပြေးလမ်းမကြီးပေါ်မှာ ကင်းလှည့်နေရင်း အဖြူရောင်ဂျစ်ကားတစ်စီးက မီးနီဖြတ်သွားတာကို မြင်တွေ့ခဲ့လို့ လိုက်လံတားဆီးခဲ့ပါတယ်။

ယာဉ်မောင်းအမျိုးသမီးက ထိတ်လန့်တုန်လှုပ်နေပုံပေါ်ပြီး ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ အမျိုးသားအလစ်မှာ ”ကူညီပါဦး”ဆိုတဲ့စကားကို အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံပဲ ကြိမ်ဖန်များစွာ ပြခဲ့ပါတယ်။ ဒါကြောင့် ဝေါလေ့စ်က ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ အမျိုးသားကို ရဲကားနောက်ခန်းဆီ ခေါ်သွားခဲ့ပြီး အဖြူရောင်ဂျစ်ကားပေါ်က ယာဉ်မောင်းအမျိုးသမီးနဲ့ နှစ်ဦးတည်း စကားပြောခဲ့ပါတယ်။

ခရီးသည်ထိုင်ခုံကနေ လိုက်လာတဲ့ အမျိုးသားဟာ ပစ်ခတ်မှုကျူးလွန်ပြီး ထွက်ပြေးလာတဲ့ သေနတ်သမားဖြစ်ပုံရပြီး သူ့ကို အကျပ်ကိုင်ကာ ပြန်ပေးဆွဲလာခဲ့တာလို့ ယာဉ်မောင်းအမျိုးသမီးက ပြောပြခဲ့ပါတယ်။ သံသယရှိသူ အမျိုးသားကို ရှာဖွေရာမှာ ထိုင်ခုံအောက်ကနေ တရားမဝင် ကိုင်ဆောင်ထားတဲ့ ပစ္စတိုသေနတ်တစ်လက် တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရဲမေဝေါလေ့စ်ဟာ သူ့ရဲ့တာဝန်ချိန် ပြီးဆုံးခါနီး နာရီဝက်အလိုမှာတောင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး၊ သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ North Myrtle Beach ရဲဌာနက ချီးကျူးခဲ့ပါတယ်။

Ref: Police Officer Rescues Kidnapped Woman Who Mouthed ‘Help Me’ During Traffic Stop

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top