ကိုဗစ်ကာလမှာ ဒီဇိုင်းဒါရိုက်တာကနေ အစားအစာပို့သမား ဖြစ်သွားခဲ့ရသူ

21-8-2020-yyl-002.jpg

ကိုဗစ်ကာလမှာ စီးပွားရေးကျပ်တည်းမှုတွေဖြစ်နေရတယ်ဆိုတာကို လူတိုင်းလည်း အသိပါပဲ။ တချို့ဆို အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အပြင် တချို့ကတော့ အရင်အလုပ်ကနေထွက်ခဲ့ရပြီး အခြားအလုပ်တစ်ခုကို ဝမ်းရေးအတွက် လုပ်နေကြရပါတယ်။ အသက် (၄၀) အရွယ် အန်ဒီ ရက်ပ် (Andy Yap) ဆိုတဲ့ အမျိုးသားက ကိုဗစ်မတိုင်ခင်က ပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီတစ်ခုအတွက် ဒီဇိုင်းပုံတွေဆွဲပေးရတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလမှာ အလုပ်ကနေ ရပ်ဆိုင်းခံရပြီးတဲ့နောက်မှာ စက်ဘီးတစ်စီးနဲ့ အစားအစာတွေလိုက်ပို့ပေးရတဲ့ အလုပ်ကို တစ်ပတ် (၆) ရက်လုံး လုပ်ကိုင်နေပါတယ်။ အခုဆိုရင် ဒီဇိုင်းဒါရိုက်တာလုပ်ခဲ့ဖူးတဲ့ အန်ဒီက တစ်လကို ဒေါ်လာ ၂၀၀၀ ဝင်တယ်လို့ သိရပါတယ်။

အခုနှစ်အစောပိုင်းမှာ ကုမ္ပဏီအတွက် ပရောဂျက်တွေ မရတော့တဲ့အချိန်မှာ လုပ်သက် (၂) နှစ်ရှိနေပြီဖြစ်တဲ့ အန်ဒီက အခြားဝန်ထမ်းတွေနဲ့အတူ အလုပ်ကနေ ရပ်နားခဲ့ရပါတယ်။ “ကျွန်တော်ကို အလုပ်ထွက်ရတော့မယ်လို့ပြောတော့ ဘယ်လိုတုံ့ပြန်ရမှန်းတောင် မသိခဲ့ပါဘူး။ အတော်လေး စိတ်တည်ငြိမ်အောင်နေခဲ့ရပါတယ်။ ရက်အနည်းငယ်တော့ စိတ်ဓာတ်တွေ ကျခဲ့ရပါတယ်”လို့ အန်ဒီက ပြောပါတယ်။ ရက်အနည်းငယ်ကြာတော့ စူပါမားကတ်၊ ဆေးရုံ၊ သန့်ရှင်းရေးကုမ္ပဏီအပါအဝင် နယ်ပယ်အားလုံးမှာ အလုပ်လျှောက်ဖို့ အန်ဒီကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လျှောက်လွှာတင်တာက မအောင်မြင်ခဲ့ရုံသာမက ကုမ္ပဏီတွေဆီကနေလည်း ဘာအသံမှမကြားခဲ့ရပါဘူး။ “အခုအချိန်မှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ အလုပ်အကိုင်တွေကို ဘယ်လောက်ဆိုးဆိုးရွားရွား ထိခိုက်နေလဲဆိုတာ ကျွန်တော် နားလည်လာခဲ့ပါတယ်”လို့ အန်ဒီက ပြောပါတယ်။ အန်ဒီက အိမ်ထောင်သည်တစ်ယောက်ဖြစ်ပါတယ်။ သူ့ဇနီးက ဆော့ဝဲကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အန်ဒီရဲ့အသက်အရွယ်ကလည်း တချို့အလုပ်တွေအတွက် ပြဿနာဖြစ်နိုင်ပါတယ်။ အလုပ်ရှာပေးတဲ့ သူတွေကလည်း အန်ဒီက လိုချင်တဲ့အလုပ်တော့ရနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဧပြီလကတည်းက အန်ဒီက သူ့ရဲ့စက်ဘီးလေးနဲ့ အစားအစာပို့သမားအဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။ သူက ဒီနေ့ (၁၂) နာရီလောက် စက်ဘီးစီးရတဲ့အတွက် ကိုယ်အလေးချိန် (၁၀) ကီလိုဂရမ်ကျော်တောင် ကျသွားခဲ့ပါတယ်။ “အစားအစာပို့တဲ့အလုပ်က ကပ်ရောဂါအတွင်းမှာ ရပ်တည်နိုင်တဲ့အလုပ်ပါပဲ။ ကပ်ရောဂါအတွင်းမှာလူတိုင်းက အစားအသောက်တွေကို မှာစားနေကြတဲ့အတွက် ဒါကို လုပ်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ”လို့ အန်ဒီက ပြောပါတယ်။

တချို့လူတွေက အရင်က ဒါရိုက်တာအလုပ်ကို လုပ်ခဲ့ဖူးတာကို ဘာလို့အစားအစာပို့သမားလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲလို့ မေးခွန်းထုတ်ကြပါတယ်။ ဒါပေမဲ့ အန်ဒီက ကပ်ရောဂါအတွင်းမှာ အလုပ်ရဖို့အတွက် များများစားစား မစဉ်းစားခဲ့ဘူးလို့ ဆိုပါတယ်။ “ကျွန်တော့်အတွက် အလုပ်ကအလုပ်ပါပဲ။ ပြန်ဦးမေ့ာလာဖို့နဲ့ အိမ်အတွက် ပိုက်ဆံရှာနိုင်ဖို့ပါပဲ”လို့ သူက ပြောပါတယ်။ ခက်ခဲနေတဲ့အချိန်တွေကို ဖြတ်ကျော်နေတဲ့ အခြားသူတွေအတွက် အန်ဒီရဲ့အကြုံပြုချက်က စိတ်ရှည်သည်းခံပြီး အကောင်းမြင်စိတ်ထားဖို့ပါပဲ။ “လိုဏ်ခေါင်းရဲ့ အဆုံးမှာ အလင်းရောင်ရှိပါတယ်။ အခုတော့ လိုဏ်ခေါင်းက အရမ်းရှည်လျားနေပါတယ်”တဲ့။

Ref: theStraitTimes “From design director to food delivery rider”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top