အိမ်ထောင်ဖက်လောင်းက ရိုက်နှက်ညှဉ်းဆဲ တတ်တဲ့ ရာဇဝင် ရှိ၊ မရှိ ကြည့်နိုင်မယ့်စနစ်ကို တရုတ်မြို့တစ်မြို့မှာ ဖော်ဆောင်

25-6-2020-yyl-016.jpg

ကိုယ့်ရဲ့အိမ်ထောင်ဖက်လောင်းက ရိုက်နှက်ညှဉ်းပန်းတတ်တဲ့ ရာဇဝင် ရှိ၊ မရှိ ကြည့်နိုင်မယ့် စနစ်တစ်ရပ်ကို တရုတ်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ မြို့တစ်မြို့က စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျီကျင်းပြည်နယ် ယီဝူမြို့မှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဇူလိုင်လ ၁ ရက်ကစပြီး စုံစမ်းစစ်ဆေးရေးဝန်ဆောင်မှုကို စတင်အသုံးပြုခွင့်ရရှိမှာပါ။ အိမ်ထောင်ပြုဖို့ စီစဉ်နေသူတွေအနေနဲ့ ဖောင်ဖြည့်ရမှာဖြစ်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်က မိသားစုဝင်တွေ ဒါမှမဟုတ် အတူနေထိုင်သူတွေအပေါ် ရိုက်နှက်နှိပ်စက်တတ်တဲ့ ရာဇဝင်ရှိလားဆိုတာ သိခွင့်ရရှိမှာပါ။ ကိုယ်လက်ထပ်မယ့်သူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ အသိအမှတ်ပြုကတ်ပြားပေးလိုက်ရုံနဲ့ သူ့ရဲ့ရာဇဝင်ကို သိရမှာပါ။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ တစ်နှစ်မှာ အများဆုံး ၂ ကြိမ်ပဲ စုံစမ်းခွင့်ရရှိမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ယီဝူမြို့ အမျိုးသမီးအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကျိုးဒန်ယင်ကတော့ ဒီစနစ်ကို ကြိုဆိုခဲ့ပြီး မြို့ခံတွေကို အိမ်တွင်းအကြမ်းဖက်မှုကနေ ကာကွယ်ပေးနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အိမ်ထောင်သည်တွေ ကွာရှင်းပြတ်စဲဖို့ ပိုခက်ခဲလာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ခံစားရမှာကို ပိုမိုစိုးရိမ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လမှာတော့ အိမ်ထောင်ရှင် ကျား၊ မ ၂ ဦးစလုံးအနေနဲ့ ကွာရှင်းပြတ်စဲဖို့ လျှောက်ထားတဲ့အခါ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ရက် ၃၀ အတွင်း ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားဖို့ တိုက်တွန်းတဲ့စည်းမျဉ်းတစ်ရပ် ရေးဆွဲခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကျရင် အဲဒီဥပဒေစတင်အကျုံးဝင်လာမှာပါ။ ဒီဥပဒေကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူတွေက သူတို့ကြုံတွေ့ခံစားရတာတွေကို ထုတ်ပြောဖို့ ပိုခက်ခဲလာမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top