အလွန်အကျွံလုပ်မိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးအလေ့အထ (၅) ခု

yyl-025-3.jpg

သင့်ကျန်းမာရေးအလေ့အထတွေက ကျန်းမာရေးနဲ့မညီညွှတ်သလိုဖြစ်စေနိုင်တယ်ဆိုတာ သင် တွေးမိဖူးလား။ ဗီတာမင်တွေ နေ့စဉ်သောက်သုံးတာ၊ သွားတိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေလို နေ့စဉ်အလေ့အထတွေက လိုတာထက်ပိုပြီးလုပ်မိသွားတဲ့အခါ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေ ဂရုစိုက်လို့ရအောင် ကျန်းမာရေးကို ထိခိုက်သွားစေနိုင်တဲ့ ကျန်းမာရေးအလေ့အထ (၅) ခုကို ဖော်ပြပေးလိုက်ရပါတယ်။

ဗီတာမင်ဓာတ်တွေကို အလွန်အကျွံသောက်သုံးခြင်း

ဗီတာမင်ဓာတ်ပြည့်ဝတဲ့ဆေးတွေကို သင့်ကျန်းမာရေးအတွက် သောက်သုံးသင့်တယ်ဆိုပေမဲ့ အဲဒီဆေးတွေကို အလွန်အကျွံသောက်သုံးတာက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင်ဓာတ်တွေကို လိုအပ်တာထက်ပိုပြီး သောက်သုံးတဲ့လူတွေက ကင်ဆာရောဂါဖြစ်လာနိုင်ခြေ ပိုများပါတယ်။ လူတွေက အချိန်အကြာကြီး ဗီတာမင်မျိုးစုံကို တော်တော်များများ သောက်သုံးလိုက်တဲ့အခါ သာမန်ဆယ်လူလာ တစ်ရှုးကြီးထွားမှုကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဗီတာမင်ဓာတ်တွေကို တစ်နေ့ ဘယ်လောက်သောက်သုံးသင့်လဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

နှလုံးကျန်းမာရေးကောင်းဖို့အတွက် ဝိုင်အရမ်းသောက်ခြင်း

နေ့တိုင်း ဝိုင်တစ်ခွက်သောက်ပေးမယ်ဆိုရင် သင့်နှလုံးကျန်းမာရေးကို ကောင်းစေတယ်ဆိုတဲ့အကြောင်း ပြောထားတာတွေကို ဖတ်မိကြမှာပါ။ ဒါပေမဲ့ တစ်နေ့ကို ဝိုင်တစ်ခွက် (၄ အောင်စ) သာ သောက်သုံးသင့်ပါတယ်။ ဝိုင်ကို အလွန်အကျွံသောက်သုံးတာက သွေးဖိအားများတာ၊ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်လာနိုင်တဲ့အပြင် ဦးနှောက်သွေးကြောပြတ်နိုင်ခြေလည်း များပါတယ်။

မျက်နှာချေးချွတ်လွန်းခြင်း (Exfoliating)

Exfoliating ဆိုတာ သင့်အသားရေကို ဆဲလ်အသေတွေ၊ အဆီတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားတဲ့နည်းပါပဲ။ လွယ်လွယ်ပြောရရင်တော့ မျက်နှာချေးချွတ်တာပါပဲ။ အဲဒီလိုလုပ်ပေးမယ်ဆိုရင် အသားရေကို နူးညံ့သွားစေပါတယ်။ ဒါပေမဲ့ အလွန်အကျွံလုပ်မယ်ဆိုရင်တော့ သင့်အသားရေကို ခြောက်သွေ့သွားတာ၊ အသားရေကျိန်းစပ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အသားရေခြောက်သွေ့တဲ့သူတွေက တစ်ပတ်ကို တစ်ခါ၊ အဆီပြန်တဲ့သူတွေက တစ်ပတ် နှစ်ကြိမ်သာ မျက်နှာချေးချွတ်ပေးသင့်ပါတယ်။

အလွန်အကျွံသွားတိုက်ခြင်း

သွားတစ်ခါတိုက်ရင် နာရီဝက်ကျော်ကျော်လောက်ထိ အချိန်ယူပြီး သွားတိုက်တဲ့ လူတွေကို တွေ့ဖူးကြလား။ အဲဒီလူတွေထဲမှာ သင် မပါဖို့တော့မျှော်လင့်ရပါတယ်။ အချိန်အကြာကြီးယူပြီး သွားတိုက်တာက သင့်သွားအပေါ်ယံကြွေသားတွေကို ပါးသွားစေနိုင်ပြီး သင့်သွားဖုံးကို တွန်မိနေသလိုဖြစ်စေနိုင်ပါတယ်။ ဒါက ကုသမှုခံယူဖို့လိုတဲ့ သွားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သွားအတိုက်လွန်းခြင်းကြောင့် သွားတွေ ပျက်စီးရတဲ့သူတွေ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းထိရှိပါတယ်။ နူးညံ့တဲ့သွားတိုက်တံကိုအသုံးပြုပြီး အချိန်အနည်းငယ်သာ သွားတိုက်ပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုအလွန်အကျွံလုပ်ခြင်း

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်လုပ်ပေးတာက ကျန်းမာရေးအတွက် ကောင်းသလို အသက်ရှည်ရှည်နေနိုင်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာက မရေတွက်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရှိပါတယ်။ ကျွန်တော်တို့တော်တော်များများက ကိုယ်လက်လှုပ်ရှားမှုကို လုံလုံလောက်လောက်မရရှိကြပါဘူး။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိရင်လည်း ကျန်းမာရေးအတွက် မကောင်းသလို လေ့ကျင့်ခန်းလုပ်လွန်းရင်လည်း ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ပြီးသွားရင် ကျွန်တော်တို့ခန္ဓာကိုယ်က ပြန်ကောင်းဖို့ အချိန်ယူရတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ အချိန်အကြာကြီးမလုပ်ဘဲ နားနားပြီးလုပ်သင့်ပါတယ်။

Ref: Overdoing these 5 healthy habits can be harmful

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top