သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

8-7-2020-yyl-001.jpg

သက်သတ်လွတ် စားတဲ့ သူတွေဟာ အသားဓာတ်ကို ပြည့်ဝအောင် ရရှိဖို့ လိုအပ်ပါတယ်။ အသားမှ မစားရတာကိုး။ လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အသားဓာတ် က မရှိမဖြစ် ပါဝင်နေလို့ပါပဲ။

အသား မစားတဲ့ သူတွေအတွက် အသားဓာတ်

အသား မစားတဲ့သူတွေဟာ အသားဓာတ် ပါဝင်တဲ့ အသီးအရွက်တွေ၊ သက်သတ်လွတ် အစားအစာတွေ ကို ရွေးချယ်မစားသုံးတတ်ရင် အသားဓာတ်ချို့တဲ့မှု ကို ခံစားရနိုင်ပါတယ်။

အသားဓာတ် ချို့တဲ့ရင်

အရိုး ကျိုး အက်လွယ်မယ်
ဆံပင်နဲ့ လက်သည်း မကျန်းမာတော့ဘူး
ကိုယ်အလေးချိန် ကျလာမယ်
အားနည်း နွမ်းနယ်လွယ်လာမယ်
ကိုယ်ခံအား နည်းပြီး နေမကောင်းဖြစ်လွယ်မယ် စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။

ဒါ့ကြောင့် အသားဓာတ် ရရှိနိုင်မယ့် သက်သတ်လွတ် အရင်းအမြစ်တွေကို သိထားဖို့ သင့်တယ် မဟုတ်ဘူးလား –

(၁) တို့ဟူး

ပဲအမျိုးမျိုးက အသားတွေက ရတဲ့ အသားဓာတ် အတိုင်း ပေးစွမ်းနိုင်တဲ့ အပင်ထွက် အရင်းအမြစ်တွေ ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ပဲကို အခြေခံပြီး ပြုလုပ်တဲ့ တို့ဟူး၊ ပဲပြား၊ ပဲလိပ် စတာတွေက တစ်နေ့စာ လိုအပ်တဲ့ အသားဓာတ် ပမာဏကို ကူညီဖြည့်တင်းပေးပါလိမ့်မယ်။

(၂) ပဲပုပ်

မီးလေး ကင်ပြီး ထောင်းစား၊ ကြော်စားကြတဲ့ ရှမ်းပဲပုပ် ပေါ့။ တစ်နေ့စာ ဟင်းလျာထဲ ပဲပုပ်လေး တစ်ခွက်ပါရင် ဒါမှမဟုတ် ပဲပုပ်ကောက်ညှင်းခွက်ကြော်လို သရေစာမျိုး စားမယ်ဆို အနည်းနဲ့ အများတော့ အသားဓာတ် ရရှိနိုင်ပါလိမ့်မယ်။

(၃) ပဲနီလေး

အမျှင်ဓာတ် ကြွယ်ဝသလို ပရိုတင်းလည်း ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာဖို့၊ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနီလေး တစ်ခွက်စာမှာ ပရိုတင်း ပမာဏ ၁၇.၈၆ ဂရမ် ပါဝင် ပါတယ်။

(၄) ကုလားပဲ

စားရတာ အရသာရှိသလို အသားဓာတ် ပါဝင်မှုလည်း မြင့်ပါတယ်။ ကုလားပဲ တစ်ပန်းကန်စာမှာ ပရိုတင်း ၁၄.၅၃ ဂရမ် ပါဝင်ပါတယ်။

(၅) အစေ့အဆန်

ဗာဒံစေ့၊ ဖရုံစေ့၊ သစ်ကြားသီး စတဲ့ အစေ့အဆန် နဲ့ အခွံမာသီးတွေက က အရသာရှိတဲ့ သရေစာဖြစ်သလို အာဟာရဓာတ် လည်း အစုံအလင် ပါဝင်နေပါတယ်။ သူတို့မှာ အသားဓာတ် ကြွယ်ဝသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေပါတယ်။

(၆) ဟင်းနုနွယ်

အစိမ်းရင့်ရောင် အသီးအရွက် တစ်မျိုး ဖြစ်တဲ့ ဟင်းနုနွယ်ရွက်က အမျှင်ဓာတ် ၊ သံဓာတ် နဲ့ အသားဓာတ် တို့ ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ ဟင်းနုနွယ်ရွက်ကြော် တစ်ပွဲစာမှာ အသားဓာတ် ၂.၉ ဂရမ် ပါဝင်ပါတယ်။

(၇) ကညွတ်

ကညွတ်မှာ အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်မကပါဘူး။ ဗီတာမင် B၊ ဖောလိတ်၊ ကော့ပါး၊ မဂ္ဂနိ့၊ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် A၊ ဗီတာမင် K တို့ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ ကညွတ် တစ်ပွဲစာမှာ ပရိုတင်း ၂.၉ ဂရမ် ပါဝင်နေပါတယ်။

(၈) ပန်းဂေါ်ဖီစိမ်း

အသားဓာတ် ပါဝင်မှု မြင့်မားသလို အမိုင်နိုအက်ဆစ်၊ ဖောလိတ်၊ မဂ္ဂနိ့စ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် C၊ ဗီတာမင် K တို့ လည်း ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီစိမ်း တစ်ခွက်စာမှာ အသားဓာတ် ၂.၆ ဂရမ် ပါဝင်နေပါတယ်။

(၉) ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ အသားဓာတ် ပါဝင်မှု များသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖော့ရပ်စ်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီ တစ်ခွက်စာမှာ ပရိုတင်း ၂ ဂရမ်အထိ ပါဝင်နေပါတယ်။

(၁၀) ပြောင်းဖူး

အရသာ ချိုချိုလေးနဲ့ စားကောင်းတဲ့ သကြားပြောင်းလေးတွေကလည်း အသားဓာတ် ရရှိနိုင်တဲ့ အစားအစာ အရင်းအမြစ်ပါ။ ချွေထားတဲ့ သ​ကြားပြောင်း တစ်ပန်းကန်လုံးစာမှာ ပရိုတင်းက ၄.၆၈ ဂရမ် အထိ ပါဝင်နေပါတယ်။

(၁၁) အာလူး

အာလူး ကလည်း အသားဓာတ် ရရှိနိုင်တဲ့ အစားအစာ တစ်ခုပါ။ အသားဓာတ် အပြင် အတူ ဗီတာမင် C၊ ဗီတာမင် B6 တို့လည်း ပါဝင်နေပါ သေးတယ်။ အာလူး အရွယ်တော် တစ်လုံးမှာ ပရိုတင်း ၄.၅၅ ဂရမ် ပါဝင်နေပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top