စမတ်ဖုန်းတွေကြောင့် ပဋိပက္ခဖြစ်ရတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေး

pa1.jpg

စမတ်ဖုန်းတွေ တက်ဘလက်တွေဟာ အလုပ်၊အိမ် နဲ့ လူမှုဆက်ဆံရေးတွေကြားက နယ်ပယ်တွေကို ဝေဝါးလာစေတဲ့အတွက် မိဘတွေအနေနဲ့ ဒီအခြေအနေကို မျှခြေတခုဖြစ်အောင်၊အဆင်ပြေအောင် ကိုင်တွယ်နိုင်ဖို့ လိုအပ်လာပါတယ်။ လေ့လာမှု အသစ်တခုရဲ့ အဆိုအရ မိဘတွေအနေနဲ့ နည်းပညာသုံးပစ္စည်းတွေ (ဖုန်း၊တက်ဘလက် စသည်)ကို ငယ်ရွယ်တဲ့ ကလေးတွေအနားမှာ အသုံးပြုမယ်ဆိုရင် စိတ်ဖိအားတွေများတာ၊ပဋိပက္ခတွေဖြစ်တာ ဒါမှမဟုတ် ကလေးတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေဖြစ်လာစေတယ်လို့ ဆိုပါတယ်။

မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုခြင်းကြောင့် မိဘနဲ့ သားသမီးကြား ဆက်ဆံရေးမှာ ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိလာနိုင်သလဲ

ပါဝင်ကူညီခဲ့ကြတဲ့ အစမ်းသပ်ခံ မိဘတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းသုံးတာ၊အလုပ်နဲ့ ကလေးတွေအကြား တော်တော်ကို ဗျာများရတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။သတင်းအချက်အလက်တွေ၊ကြည့်ချင်စရာတွေ များလွန်းလှတာက စိတ်ဖိစီးမှုတွေများပြားစေတာကြောင့် မိသားစုတွေနဲ့ တရင်းတနှီးနေချိန် (ဥပမာ ထမင်းစားချိန်)တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တကမ္ဘာလုံးကို ကိုယ့်လက်ဝါးပေါ်တင်ထားရသလိုပဲလို့ တင်စားလေ့ရှိကြပါတယ်။တချို့မိဘတွေရဲ့ ဝန်ခံချက်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်လို့ သူတို့ဟာ မိုဘိုင်းလ်ဖုန်းမှာ မနှစ်မြို့စရာတခုခုကို တွေ့လိုက်ရပြီဆိုရင် (ဥပမာ အလုပ်က အီးမေးလ်တွေ တပုံကြီးပို့ထားတာ၊သတင်းဆိုးတခုခု တွေ့လိုက်ရတာ) အဲ့ဒီ့အချိန်မှာ ကလေးတွေကို တုန့်ပြန်တဲ့ ပုံစံကပါ ပြောင်းလဲသွားစေတယ်လို့ ဆိုပါတယ်။အင်တာနက်ပေါ်မှာ ကလေးဗန်းပြပြီး လူသိများချင်တဲ့အတွက် မိဘတွေဟာ ကလေးတွေကို ဓာတ်ပုံတွေရိုက်ပြီးတင်တာမျိုး စတာတွေဟာ ကလေးတွေအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှုကို ရစေတယ်လို့လည်း သူတို့က ပြောပါတယ်။

ကောင်းတဲ့ဖက်

တချိန်တည်းမှာပဲ မိဘတွေပြောကြတာကတော့ မိုဘိုင်းလ်နည်းပညာဟာ အပျင်းပြေစေသလို ကလေးထိန်းရတာ၊အိမ်မှုကိစ္စလုပ်ရတာ၊စီးပွါးရှာရတာ အစရှိတဲ့ ဖိအားတွေကနေ ခေတ္တလောက်တော့ ပြေးထွက် အမောပြေစေနိုင်ပါသတဲ့။နောက်ထပ်ကောင်းတဲ့အချက်တွေက သင့်အနေနဲ့ အိမ်ကနေ အလုပ်လုပ်နိုင်မယ် (ရုံးနဲ့ အင်တာနက်ကတဆင့် ချိတ်ဆက်နိုင်ရင်ပေါ့)၊ဝေးကွာနေတဲ့ မိသားစုဝင်တွေနဲ့ လွယ်လွယ်ကူကူဆက်သွယ်နိုင်မယ်၊သူတို့အကြောင်းကို ပိုပြီးသိလာနိုင်မယ်၊အိမ်မှာ ဆူညံမနေတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ် ရှိနေစေမယ် အစရှိတာတွေပဲ ဖြစ်ပါတယ်။ပြောရရင် သင့်အနေနဲ့ သင့်ကလေးတွေအတွက် အစစအရာရာ ၂၄နာရီလုံးလိုက်လုပ်ပေးနေဖို့ မလိုပါဖူး။တကယ်တမ်းကျတော့ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးထားတာ အရမ်းကောင်းပါတယ်။ဒါ့အပြင် မိဘတွေအနေနဲ့ အလုပ်နဲ့ဖြစ်စေ တခြားအပေါင်းအသင်းတွေနဲ့လူမှုဆက်သွယ်ရေးမှာဖြစ်စေ နောက်ကျကျန်မနေစေဘဲ အမြဲတမ်း ထိတွေ့နေဖို့က မရှိမဖြစ်လိုအပ်ပါတယ်။

မကောင်းတဲ့ဖက်

ကျွမ်းကျင်သူတွေအနေနဲ့ မိဘအုပ်ထိန်းသူတွေနဲ့ သူတို့ကလေးတွေ (KFCလိုဆိုင်မျိုးမှာ) မုန့်သွားစားကြတာကို ဗီဒီယိုမှတ်တမ်းတင်ပြီး လေ့လာသုတေသနပြုမှုတွေ လုပ်ခဲ့ကြပါတယ်။ဒီလေ့လာချက်တွေအရ မိဘတွေ မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းကြောင့် ကလေးတွေနဲ့ (စကားနဲ့ဖြစ်စေ၊အမူအရာနဲ့ဖြစ်စေ) ဆက်သွယ်ပြောဆိုမှု နည်းသွားစေတယ်ဆိုတာ တွေ့ရှိခဲ့ကြရပါတယ်။နည်းပညာက မိဘနဲ့ ကလေးတွေအကြား ဆက်သွယ်မှုမှာ အပြောင်းအလဲတွေကို ဖြစ်လာစေခဲ့ပါတယ်။ပုံမှန် အပန်းဖြေနည်းတွေဖြစ်တဲ့ စာအုပ်ဖတ်တာ စတဲ့ အမူအကျင့်တွေနဲ့ ယှဉ်ရင် မိုဘိုင်းလ်နည်းပညာတွေဟာ စိတ်ပါဝင်စားမှုကို အများကြီး ဆွဲခေါ်နိုင်ပြီး စိတ်ခံစားမှုတွေကိုပါ လွှမ်းမိုးလာနိုင်တာကို သိရှိခဲ့ရပါတယ်။ကလေးတဖက်၊မိုဘိုင်းလ်ဖုန်းတဖက် လွန်ဆွဲနေခြင်းဟာ စိတ်ပိုင်းဆိုင်ရာခံစားမှုကိုရော၊စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက်

  • မိုဘိုင်းလ်ဖုန်း၊တက်ဘလက်စသည် အသုံးပြုချိန်ကို ကန့်သတ်ပါ။
  • ချင့်ချိန်သုံးပါ။မိုဘိုင်းလ်နည်းပညာ ပစ္စည်းတွေ မသုံးစွဲဘဲ မိသားစု စုံစုံညီညီ မျက်နှာချင်းဆိုင် စကားလက်ဆုံကျဖို့ အချိန်ကို သတ်မှတ်ပါ။
  • ကိုယ်ဘာတွေသုံးနေတာလဲ ပြန်သုံးသပ်ပါ။မလိုအပ်ဘဲ (အလုပ်အတွက်မဟုတ်ဘဲ) အိမ်မှာ မိုဘိုင်းလ်ဖုန်း၊တက်ဘလက် စတာတွေကို အလကားနေရင်း မသုံးမိဖို့ ဖုန်းမှာ လော့ခ်ချတာမျိုးလုပ်ထားပါ။
  • နည်းပညာတွေကို သုံးစွဲတဲ့အခါ ဘယ်အရာတွေက သင့်ကို အဓိက စိတ်ဖိစီးစေတာလဲဆိုတာကို သိအောင်လုပ်ပါ။ကလေးတွေနဲ့ အတူရှိနေချိန်မှာ သင့်ကို ဒေါသထွက်၊စိတ်ဖိစီးစေတာတွေကို အသုံးမပြုပါနဲ့။ဒီလို မဟုတ်ဖူးဆိုရင် သင့်အနေနဲ့ ကလေးတွေအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမိမှာဖြစ်ပြီး သူတို့ကလည်း သင့်ကို အတုခိုးကာ ဆိုးဆိုးရွားရွား ရိုင်းရိုင်းစိုင်းစိုင်း ပြန်တုန့်ပြန်မှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top