အသက်အရွယ်ရလာတာနဲ့ အစာခြေခြင်းဆိုင်ရာပြဿနာတွေမဖြစ်အောင် ဘယ်လို နေထိုင်ကြမလဲ

17-6-2021-yyl-69.jpg

ရေဓာတ်ကုန်ခန်းတာ၊ ဆေးဝါးမျိုးစုံ (သို့) လူနေမှုပုံစံအားနည်းတာတွေကြောင့် လူတိုင်းဟာ အစာခြေပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ သင့်ရဲ့ အစားအစာစားသုံးတဲ့အလေ့အထကလည်း အစာခြေစနစ်အလုပ်လုပ်တဲ့နေရာမှာ အဓိက အရေးပါ ပါတယ်။ ကျွန်တော်တို့တွေ ကလေးဘဝတုန်းက မိဘတွေက ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်ဖို့‌ တွန်းအားပေးကြပါတယ်။ ကျွန်တော်တို့ အသက်အရွယ်ရလာတာနဲ့ အစာစားတဲ့အလေ့အထက ပြောင်းလဲသွားပြီး ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာတွေ စားသုံးဖြစ်လာကြပါတယ်။ အဲဒီလို လူနေမှုပုံစံဖြစ်လာတဲ့အတွက် အာဟာရဓာတ်တွေ ချို့တဲ့လာကာ အစာခြေခြင်းဆိုင်ရာပြဿနာတွေဖြစ်လာရနိုင်ပါတယ်။ အဖြစ်များဆုံးကတော့ ဝမ်းချုပ်တာပါပဲ။ ဒါကြောင့် အသက်အရွယ်ရလာတာနဲ့ အစာခြေခြင်းဆိုင်ရာပြဿနာတွေမဖြစ်အောင် အောက်က အချက်တွေကို လိုက်နာဖို့ လိုပါတယ်။

တစ်နေ့တာမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားပါ

အစာခြေပြဿနာအများစုကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ တစ်နေ့တာအစားအစာတွေနဲ့ အကူအညီနဲ့ ကျော်လွှားနိုင်ပါတယ်။ တစ်နေ့တာအစားအစာကို အနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ အစာခြေပြဿနာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်အောင်စားပြီး အဆီပါဝင်မှု နဲ့ ဆားစားသုံးတဲ့ပမာဏကို လျော့ချပေးသင့်ပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ

အသက်အရွယ်ရလာတာနဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပိုလုပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကျစ်လျစ်ဖို့အတွက် လေ့ကျင့်ခန်းအနည်းငယ်လုပ်ပြီး လှုပ်လှုပ်ရှားရှားနေဖို့ကလည်း အရေးကြီးပါတယ်။ လှုပ်လှုပ်ရှားရှားနေမှ အစာခြေပြဿနာတွေလည်း ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ လမ်းလျှောက်တာဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်။ နေ့တိုင်း မိနစ် (၃၀) လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေပါ

သင့်ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေတာက သင့်ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အရေးကြီးတဲ့ အချက်ပါပဲ။ ရေဓာတ်ကုန်ခန်းတာကလည်း အစားအစာတွေ အူလမ်းကြောင်းကို ဖြတ်ဖို့အတွက် ခက်ခဲစေကာ နာကျင်တာနဲ့ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ်။ အားအင်ကုန်ခန်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။

သောက်သုံးတဲ့ဆေးဝါးတွေကို စစ်ဆေးပါ

တချို့ဆေးဝါးတွေက အော့အန်တာ၊ မအီမသာဖြစ်တာ၊ မူးဝေတာလို ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ အဲဒါတွေအပြင် အစာခြေပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေရင်ဆိုင်နေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ အရေးကြီးပါတယ်။

ကိုယ်အလေးချိန်ထိန်းပါ

အဝလွန်တာကလည်း အစာခြေပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီတဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ထိန်းတာကလည်း သွေးဖိအားများတာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါလို ကျန်းမာရေးပြဿနာတွေကိုလည်း ဟန့်တားရာရောက်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပါ

အသက်အရွယ်ရလာတာနဲ့ စိုးရိမ်ပူပန်မယ့် အရာတွေကများလာပါတယ်။ စိတ်ဖိစီးမှုကလည်း အစာခြေပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ အစာမကြေတာ၊ ရင်ပူရင်ဆာဖြစ်စေနိုင်တဲ့ အစာအိမ်နဲ့ဆိုင်တဲ့ အက်ဆစ်တွေများလာစေပါတယ်။ အစာခြေပြဿနာတွေမဖြစ်အောင် စိတ်ဖိစီးမှုကို တက်နိုင်သလောက် လျော့ချပေးသင့်ပါတယ်။

ခံတွင်းသန့်ရှင်းမှုကို ထိန်းပါ

ပါးစပ်က အစာခြေလမ်းကြောင်းရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့အတွက် ခံတွင်းသန့်ရှင်းမှုကို ထိန်းဖို့ လိုအပ်ပါတယ်။ သင်က ကောင်းကောင်း မဝါးနိုင်ဘူးဆိုရင် သင့်ရဲ့အစာခြေစနစ်ကို ထိခိုက်စေနိုင်တဲ့အတွက် သင့်သွားကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။

ဆရာဝန်နဲ့ တိုင်ပင်ပါ

ဆေးဝါးတွေမသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ သင့် ဘယ်လိုရောဂါခံစားနေရတယ်ဆိုတာကိုလည်း ပြောသင့်ပါတယ်။ ဒါမှ အစာခြေစနစ်ပြဿနာတွေမဖြစ်အောင် သင့်ကို ကူညီပေးနိုင်မှာဖြစ်ပါတယ်။

Ref: How to manage digestive problems as you get older
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top