တေးရေးတေးဆိုလွှမ်းမိုးရဲ့ နာမည်ကျော်ကြားလူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ ကိုပေါသီချင်းကို စာဖတ်သူတို့ သိကြမယ်ထင်ပါတယ်။
“ တစ်ခါတုန်းကတို့ရွာမှာ သဘောကောင်းပြီးဆင်းရဲတဲ့ ကိုပေါလို့ အများခေါ်တယ် ပေါချာချာလူတစ်ယောက်ရယ်” ဆိုတာလေးနဲ့ အစချီလို့ ဟာသရသနှောထားတဲ့ ရင်နင့်ဖွယ်ရာ သီချင်းလေးတစ်ပုဒ်ဟာ စာရေးသူတို့ ရင်ထဲမှာ နှစ်ပေါင်းများစွာတိုင် မမေ့နိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်၊ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းနားထောင်တိုင်းမှာ သီချင်းချည်းသီးသန့်ကြားနေရတာမဟုတ်ဘဲ ဇာတ်လမ်းလေးတစ်ပုဒ်ကိုပါ မျက်စိထဲ မြင်လာခဲ့ကြဖူးကြမယ်ထင်ပါတယ်။ ဒါဖြင့် ဒီဇာတ်လမ်းဟာ ဘယ်ကစပါသလဲ။ လွှမ်းမိုးဟာ ကိုယ်တွေ့ဖြစ်ရပ်တွေကို သီချင်းလုပ်တတ်လွန်းလို့ ဒီသီချင်းဟာလည်း သူ့ကိုယ်တွေ့ဖြစ်မယ်လို့ ယူဆကြသူတွေလည်း ရှိခဲ့ကြပါတယ်။ တကယ်ကတော့ ဒီသီချင်းကို လွှမ်းမိုးရေးသားခဲ့တာမဟုတ်ဘဲ တေးရေးစောဘွဲ့မှူးက ရေးဖွဲ့သီကုံးခဲ့တာပါ။
တကယ်တမ်း ဒီသီချင်းရဲ့ Origin ကတော့ဖြင့်၊
သီချင်းကိုမပြောမီ ပုံပြင်လေးတစ်ပုဒ်အရင်ပြောပါရစေ။ သိဖူးကြားဖူးပြီးသားသူတွေလည်း ရှိမှာပါ။ ဆရာကြီးမင်းသုဝဏ်ရဲ့ နာမည်ကြီးလက်ရာကောင်းတစ်ခုဖြစ်တဲ့ “ ဘကြီးအောင် ညာတယ်” ဆိုတဲ့ ပုံပြင်လေးပါ။ ဒီပုံပြင်ကို သိနေတဲ့သူတွေကတော့ ဘယ်လိုဆက်စပ်ရမယ်ဆိုတာ သိနေလောက်ပါပြီ။ မသိသေးတဲ့သူတွေအတွက် အကြမ်းဖျဉ်းပြောပြပါရစေ။
ရွာတစ်ရွာမှာ ဘကြီးအောင်ဆိုတဲ့ ပန်းပုပညာရှင်တစ်ယောက်ရှိပါတယ်။ ရွာထဲက ကလေးလေးတစ်ယောက်ဟာ ဘကြီးအောင် ပန်းပုထုတဲ့နေရာကို နေ့တိုင်းနေ့တိုင်း စိတ်ဝင်တစား လာကြည့်တတ်ပါတယ်။ တစ်နေ့မှာတော့ ဘကြီးအောင်က ယမင်းရုပ်ကလေးတစ်ရုပ်ကို လှလှလေးဖြစ်အောင် ထုဆစ်နေတုန်း ကလေးလေးရောက်လာပြီး မပြီးသေးတဲ့ ယမင်းရုပ်လေးကို လိုချင်သွားပါတယ်။ ဒါပေမဲ့ ကလေးဆိုတော့ ပိုက်ဆံကလည်းမရှိ အရုပ်ကလေးကလည်း မပြီးသေးဆိုတော့ ဘကြီးအောင်က ကလေးကို ယမင်းရုပ်လေးကို ရချင်ရင် သားက ပိုက်ဆံဒီလောက်စုပြီးပြန်ခဲ့နော်။ အဲ့ဒီအခါတော့ ဘကြီး ပေးမှာပေါ့ဆိုပြီး နှစ်သိမ့်လွှတ်လိုက်ပါတယ်။ ကလေးတွေဟာ အရုပ်မြင်ရင် လိုချင်တတ်စမြဲမို့ သူလည်း အလေးအနက်တော့ မထားခဲ့မိဘူးထင်ပါရဲ့လေ။ ကလေးလေးကတော့ ဘကြီးအောင်စကားကို အတည်ယူ အမှန်တွေထင်လို့ ပိုက်ဆံကို မစားရက်မသောက်ရက်စုပါတော့တယ်။ သူ့ရဲ့စုဘူးလေးပြည့်သွားလို့ မျှော်လင့်တကြီးနဲ့ ဝမ်းသာအားရ ဘကြီးအောင်ဆီပြေးပြီး ယမင်းရုပ်လေးသွားဝယ်တဲ့အခါမှာတော့ ယမင်းရုပ်ကလေးဟာ အခြားသူတစ်ယောက်ကို ရောင်းနှင့်ပြီးသားဖြစ်နေပါပြီ။ ကိုယ်လိုချင်တဲ့ အရုပ်ကလေးဟာ တစ်ပါးသူလက်ထဲရောက်နေတာကို မျက်မြင်တွေ့လိုက်ရတဲ့ကလေးဟာ စိတ်နှလုံး ညှိုးခြုံးပြီး ယမင်းရုပ်လေးကို စွဲလမ်းလို့ မအိပ်နိုင် မစားနိုင်နဲ့ ဒီဝေဒနာကို မကျော်လွှားနိုင်တော့ဘဲ သေဆုံးခဲ့ရပါတော့တယ်။ သူမသေဆုံးခင် နောက်ဆုံးပြောသွားတဲ့စကားလေးက တစ်ခွန်းတည်းပါ။
“ ဘကြီးအောင် ညာတယ်” တဲ့..
ဒီအဖြစ်တွေကို သိသွားတဲ့ ဘကြီးအောင်ဟာလည်း နောင်တကြီးစွာရပြီး နေ့စဉ်နေ့တိုင်း ကလေးရဲ့အုတ်ဂူရှေ့သွားပြီး ကလေးရဲ့ခွင့်လွှတ်မှုကို နေ့တိုင်းတောင်းခံလို့ နောင်ဘယ်သောအခါမှ မုသားစကားမဆိုလေတော့ပါဘူး။ ကတိတစ်ခုပေးပြီး မဖျက်တော့ပါဘူးရယ်လို့ နေ့စဉ် သစ္စာစကားဆိုပါတော့တယ်တဲ့။ ဒီပုံပြင်ကို ဆရာမင်းသုဝဏ်ရဲ့ လက်ရာအတိုင်းဖတ်ခဲ့ရတဲ့ အချိန်တုန်းက စာရေးသူ ဖတ်မိတိုင်း ငိုပါတယ်၊ ကြေကွဲရပါတယ်၊ ယမင်းရုပ်ကလေးကို ကိုယ်ကိုယ်တိုင် ဆုံးရှုံးသွားရသလို ခံစားရပါတယ်။ ဒီပုံပြင်ကို အကြမ်းအားဖြင့် ပြောပြရင်း စာရေးသူရဲ့ စာရေးသားပုံ မချောမွေ့မှုကြောင့် ထောင့်နေခဲ့သည်ရှိသော် ဆရာကြီးမင်းသုဝဏ်ကို ဒီနေရာကနေ ကန်တော့ပြီး တောင်းပန်ပါတယ်။ (မရှိတော့သော်လည်း )
ဒီပုံပြင်လေးဟာ တကယ်ကိုကောင်းမွန်လွန်းတာကြောင့် ပုံပြင်မူရင်းအတိုင်း သီချင်းဖွဲ့ပြီးသီဆိုခဲ့ကြတာတွေလည်း ရှိပါတယ်။ ဘကြီးအောင် ညာတယ် ဆိုတဲ့ နာမည်နဲ့ သီချင်းရှိပါတယ်။ သီချင်းတင်မက ပြဇာတ်တွေ၊ ဝတ္ထုတွေကိုပါ ဖြန့်ကျက်ရေးသားခဲ့ကြပါတယ်။ ဒီလိုရေးသားကပြသီဆိုခဲ့ကြသူတွေထဲမှာ ရန်ကုန်ဘဆွေကလည်း တစ်ယောက်အပါအဝင်ပါ။
သူကတော့ ဘက်စုံကျွမ်းကျင်သူလို့ဆိုရမလားမသိလေတော့ သူကျွမ်းကျင်တဲ့ အရာတစ်ခုအဖြစ် ပုံဖော်အသက်သွင်းခဲ့ရာမှာ ဘကြီးအောင်ညာတယ်ကို ပြဇာတ်ပုံစံနဲ့ အသက်သွင်းခဲ့ပါတယ်။ ဒီပြဇာတ်မှာတော့ ဘကြီးအောင်မပါသလို ယမင်းရုပ်လေးလည်းမပါပါဘူး။ ကလေးလေးလည်းမပါသလို စုဘူးလေးလည်းမပါပါဘူး၊ ဒီပြဇာတ်မှာ ပါဝင်တဲ့သူတွေဟာ အဲ့ဒီခေတ်ကာလတုန်းက နာမည်ကြီး မင်းသားမင်းသမီးတွေလည်း မဟုတ်ခဲ့ပါဘူး။ မထင်မရှား မင်းသားမင်းသမီးနောက်နားမှာ နေရတဲ့ ယိမ်းသမလေးတစ်ယောက်နဲ့ လူရွှင်တော်တစ်ယောက်သာ ပါဝင်ခဲ့တာပါ။
ပြဇာတ်အသွားကတော့ ကိုပေါသီချင်းရဲ့ Origin ဆိုတဲ့အတိုင်း ကိုပေါသီချင်းလိုပါပဲ။ ကိုပေါလို့ခေါ်တဲ့ လူတစ်ယောက်ဟာ သူအလုပ်လုပ်တဲ့ အိမ်က သူဌေးသမီးကိုချစ်မိပါတယ်။ သူဌေးသမီးကလည်း ဒီလိုရူးတူးတူးပေါတောတောကို ငါကြိုက်စရာလား ဆိုတဲ့ အတွေးရှိပေမယ့် အရူးအပေါက သူ့ကို အရူးအမူးချစ်တာကို ဟာသလုပ်ချင်တဲ့သဘောနဲ့ ငွေ ၁၀၀၀၀ ရှာပါ။ ရရင်လက်ထပ်မယ်ဆိုပြီး ကတိပေးလို့ ကွယ်ရာမှာတော့ သူ့ချစ်သူနဲ့အတူ ရယ်ပွဲဖွဲ့ခဲ့ကြပါတယ်။ ကိုပေါဟာ နေပူမရှောင်၊ မိုးရွာမရှောင် တစ်ရွာလုံးမှာ ရှိသမျှအလုပ်တွေလုပ်ရင်း အလုပ်တွေကြိုးစားလှချည်လား မိန်းမယူတော့မလို့လား မေးတိုင်း သူဌေးသမီးလေးနာမည်ကိုပြောလို့ သူ့ကိုယူမယ်ဆိုတဲ့ စကားတစ်ခွန်းကို တကယ်ထင်မှတ်ပြီး မမောနိုင် မပန်းနိုင် ကြိုးစားပြီး ငွေရှာပါတော့တယ်။ သတ်မှတ်ထားတဲ့ ငွေကြေးပြည့်စုံခါနီးမှာပဲ သူသဘောကျတဲ့ သူဌေးသမီးလေးက သူ့ချစ်သူနဲ့ အိမ်ထောင်ပြုသွားတဲ့အချိန်မှာတော့ သူဟာ ရင်ကွဲပက်လက်နဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ဒီဒဏ်နဲ့ သေဆုံးခဲ့ရပါတော့တယ်။ မူရင်းပြဇာတ်မှာတော့ သူဌေးသမီး နောင်တရတဲ့အခန်းမပါပေမယ့် နောက်ပိုင်း အဆင်မပြေမှုအချို့ဖြစ်လာပြီး နောင်အခါ ဂီတနက်သန် ကိုစောညိန်း ဖြစ်လာမယ့် ကိုစောညိန်းပါ ပါဝင်ကပြခဲ့ရပြီး သူ့ရဲ့ပုံစံနဲ့ ကိုပေါလို ရူးတူးတူးပေါတောတော လုပ်မရတဲ့အခါမှာ ကိုပေါရဲ့ညီလုပ်ခဲ့ရပါတယ်။ သူဌေးသမီးကို လက်ညှိုးငေါက်ငေါက်ထိုးလို့ အစ်ကိုသေဆုံးမှုအတွက် နာနာကျည်းကျည်းပြောတဲ့အခါမှသာ ချစ်သူနဲ့ယူလိုက်ရပေမယ့် အိမ်ထောင်ရေးအဆင်မပြေခဲ့တဲ့ သူဌေးသမီးဟာ သူမရည်ရွယ်ဘဲ ပြောလိုက်မိတဲ့ စကားတစ်ခွန်းကြောင့် အသက်ပါပေးဆပ်ခဲ့ရတဲ့ ကိုပေါအတွက် နောင်တတွေ တစ်သီကြီးရခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ဒီအခန်းကိုတော့ တစ်ခါသာ ကပြခဲ့တယ်လို့သိရပါတယ်။ တစ်ခါဆို ဆိုသလောက်လည်း လာကြည့်သမျှ ပွဲကြည့်ပရိတ်သတ်ကို မျက်ရည်ချူခဲ့တဲ့ ပြဇာတ်တစ်ခုပါပဲ။
ဒီပြဇာတ်နဲ့ ဒီအကြောင်းဟာ အောင်မြင်လွန်းပြီး ခေတ်တွေပြောင်းလာပေမယ့် ရှေ့မီနောက်မီလူကြီးတွေရဲ့ ပါးစပ်ဖျားမှာ စွဲထင်ကျန်ခဲ့ရာက စောဘွဲ့မှူးတို့ကြီးစိုးတဲ့ခေတ်နဲ့ နောက်ပိုင်းခေတ်တွေထိ ပေါက်မြောက်ခဲ့ပြီး လွှမ်းမိုးရဲ့ ကိုပေါသီချင်းရယ်လို့ ဂန္ထဝင် တွင်ခဲ့ပါတောတ့ယ်။ မော့စ်ကလည်း ကိုပေါအကြောင်း ရုပ်ရှင်ရိုက်ထားတာရှိပါသေးတယ်။ နောက်ပိုင်း ဒီဘက်ခေတ်မှာ ကိုပေါရုပ်ရှင်အတွက် ကန်တော့ပွဲပေးတာတွေ၊ ကိုပေါသီချင်းကို ပြန်ဆိုတာတွေ ရှိခဲ့ပေမယ့် မူရင်းတွေလောက် ရင်ထဲမရောက်တော့သလို ခံစားရပါတယ်။ (ဒါဟာ အနုပညာရှင်တွေကို စော်ကားလိုရင်းမဟုတ်ပါဘူး။ စာရေးသူတစ်ဦးတည်းရဲ့ အမြင်ကိုသာ ဖော်ပြတာပါ ) ရင်ထဲမှာ စွဲကျန်နေပြီးသားဖြစ်တဲ့ ကိုပေါပုံရိပ်ကိုလည်း မပျောက်ကွယ်သွားစေချင်တာမို့ ဒီဆောင်းပါးလေးနဲ့ပဲ ကိုပေါကို ဖန်တီးခဲ့သူ ဆရာကြီးမင်းသုဝဏ်ကစလို့ ရန်ကုန်ဘဆွေ အလယ်၊ စောဘွဲ့မှူး၊ လွှမ်းမိုးနဲ့ ဦးမော့စ်တို့အဆုံး ဂါရဝပြုလိုက်ရပါတယ်။
Angelic Demon ( ရိုးရာလေး )