မသန်စွမ်းတဲ့သားဖြစ်သူစာသင်နိုင်ဖို့ တစ်နေ့ကို ၁၈ မိုင်အကွာအဝေး ကျောပိုးပြီးလိုက်ပို့တဲ့ဖခင်

26195454_1722417401122506_3618436949435494941_n.jpg

မိဘတွေဆိုတာ သားသမီးတွေအတွက် စွန့်လွှတ်ဖို့ အသင့်ရှိကြသူတွေပါ။ ယုတ်စွအဆုံး အသက်စွန့်ရမယ်ဆိုရင်တောင် တွန့်ဆုတ်နေကြမယ့်သူတွေ မဟုတ်ပါဘူး။

တရုတ်နိုင်ငံကဖခင်တစ်ဦးကလည်း ဒါကိုသက်သေပြနေပါတယ်။ သူဟာမသန်စွမ်းတဲ့သားဖြစ်သူ ကျောင်းတက်ခွင့်ရဖို့အတွက် သားကိုကျောပိုးပြီး တစ်နေ့ ၁၈ မိုင် လမ်းလျှောက်နေသူပါ။ အခုအချိန်မှာ အသက် ၁၂ နှစ်အရွယ်ရှိနေတဲ့ ရှောင်ကွင်းဟာ ခြေတွေ၊ လက်တွေ လိမ်နေပြီး ကျောမှာဘုကြီးရှိနေလို့ သူတို့နေထိုင်ရာ ဖန်းယီမြို့နယ်တစ်ဝိုက်မှာရှိတဲ့ စာသင်ကျောင်းတွေက သူ့ကို လက်မခံကြပါဘူး။ ဖန်းယီမြို့နယ်ဆိုတာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ယီဘင်းစီရင်စုမှာရှိပါတယ်။

ရှောင်ကွင်း ၃ နှစ်သားအရွယ်ကတည်းက သူ့အမေက သူတို့သားအဖနှစ်ဦးကိုထားပြီး အိမ်ကထွက်သွားခဲ့တာပါ။ ဒါကြောင့် မိတဆိုးသားလေး စာသင်နိုင်ရေးက ယုဆုခန်တစ်ဦးတည်းရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ စာသင်ကျောင်းတော်တော်များများကလက်မခံကြတဲ့ ရှောင်ကွင်းကို ဖန်းယီမူလတန်းကျောင်းက စာသင်ပေးဖို့လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ရှောင်ကွင်းက ကိုယ့်ဘာသာကိုယ် ကျောင်းမသွားနိုင်လို့ ဖခင်ဖြစ်သူ ယုဆုခန်က ရှောင်ကွင်းကို တောင်းထဲထည့်လို့ကျောမှာလွယ်ပြီး ကျောင်းလိုက်ပို့ပေးခဲ့ပါတယ်။ ရှောင်ကွင်းဟာ အသက် ၁၂ နှစ်အရွယ် ရှိနေပေမဲ့ အရပ် ၉၀ စင်တီမီတာ(၃ ပေ) ပဲရှိပါတယ်။ ဆုခန်ဟာ သားကိုကျောင်းပို့ပြီးရင် အိမ်ပြန်လာပြီး စားဝတ်နေရေးအတွက်အလုပ်လုပ်ရသလို ညနေကျရင်လည်း သားကိုကျောင်းသွားကြိုရပါတယ်။ သားဖြစ်သူ တစ်ရက်စာသင်ဖို့အတွက် ဆုခန်က ၄ မိုင်ခွဲခရီးကို တစ်နေ့ ၄ ခေါက်သွားရလို့ သူလမ်းလျောက်ရတာ တစ်နေ့ ၁၈ မိုင် ရှိပါတယ်။

ဆုခန်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလကစလို့ သားဖြစ်သူကို တစ်ရက်မပြတ် ကျောင်းလိုက်ပို့ခဲ့ပါတယ်။ သူဟာ မနက်တိုင်း ၅ နာရီဆို အိပ်ယာထရပြီး ထမင်း၊ ဟင်းချက်ပြုတ်ပြီးရင် သားဖြစ်သူကို ကျောင်းလိုက်ပို့လေ့ရှိပါတယ်။ သားဖြစ်သူရှောင်ကွင်း စာသင်ကြားနိုင်ဖို့ ဒီကနေ့အချိန်အထိ ဆုခန့်လမ်းလျှောက်ခဲ့ရတာ မိုင်ပေါင်း ၁၆၀၀ ရှိနေပါပြီ။ ဒါပေမဲ့ သားဖြစ်သူက အတန်းထဲမှာ စာတော်တဲ့ကျောင်းသားဖြစ်နေလို့ ကျေနပ်မိတယ်လို့ ဆုခန်ကပြောပါတယ်။ သူတို့သားအဖအကြောင်းသတင်းပျံ့သွားချိန်မှာ တရုတ်အာဏာပိုင်တွေက ကျောင်းနဲ့အနီးနားတစ်ဝိုက်မှာ အိမ်ငှါးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ သားဖြစ်သူ ကောလိပ်တက်နိုင်ရေးက သူ့အိပ်မက်ပဲလို့ ဆုခန်က ပြောပါတယ်။

Nz (ရိုးရာလေး)

Ref: Viral4Real : Father Walks 18 Miles to His Disabled Child’s School While Carrying Him on His Back Daily

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top