ဘုရင်ကြီးအတွက် အကောင်းဆုံး ပုံတူ ပန်းချီကား

jayapal-jay-irandam-thirukkovilur.jpg

တစ်ခါက စစ်ရေး ကျွမ်းကျင်ထက်မြက်ပြီး တိုင်းပြည်ကို အေးချမ်းစွာအုပ်ချုပ်နေတဲ့ ဘုရင်တစ်ပါး ရှိပါတယ်။ သူဟာ စစ်ပွဲများစွာကို အောင်မြင်စွာ တိုက်ခိုက်အနိင်ယူခဲ့ပြီး ငြိမ်ဝပ်ပိပြားနေအောင် အုပ်ချုပ်လျက်ရှိပါတယ်။

တစ်ခါမှာတော့ ဘုရင်ကြီးဟာ တိုင်းပြည်အတွက် အသက်ကိုစွန့်ပြီး တိုက်ပွဲဝင်ရင်း ကံမကောင်းစွာနဲ့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။ နန်းတွင်း သမားတော်ကြီးတွေက ဘုရင်ကြီးရဲ့ဒဏ်ရာကို အစွမ်းကုန် ကြိုးစား ကုသပေမဲ့လည်း ဒဏ်ရာက ပြင်းထန်တာကြောင့် မျက်စိတစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဘုရင်ကြီးဟာ ရှေးအရင်က ဘုရင်တွေရဲ့ ပုံတူ ပန်းချီကားတွေကို ကြည့်ရင်း သူ့ရဲ့ ပုံတူပန်းချီကားကိုလည်း ဆွဲလိုတဲ့ စိတ်ဆန္ဒ ပေါ်လာခဲ့တာကြောင့် တိုင်းပြည်အတွင်းမှာရှိတဲ့ အတော်ဆုံး ပန်းချီဆရာတွေကို နန်းတော်ဆီ ဆင့်ခေါ်စေခဲ့ပါတယ်။

တိုင်းပြည်အတွင်းက အတော်ဆုံး၊ အကောင်းဆုံး ပန်းချီဆရာတွေအားလုံး နန်းတော်ထဲကို ရောက်လာကြတဲ့အခါ ဘုရင်ကြီးက အခုလို မိန့်လိုက်ပါတယ်။ “ငါကိုယ်တော် ပုံတူ ပန်းချီကား တစ်ချပ် ဆွဲလိုတယ်။ ဘယ်သူကများ ငါကိုယ်တော် စိတ်ကျေနပ်အောင် အကောင်းဆုံး ရေးဆွဲပေးနိင်မလဲ။ ဆုတော်ငွေလည်း ထိုက်တန်အောင် ချီးမြှင့်ပေးမယ် ” လို့ မိန့်ကြားလိုက်ပါတယ်။

အဲဒီအခါ အားလုံးသော ပန်းချီဆရာတွေဟာ ဘုရင်ကြီးရဲ့ ပုံတူပန်းချီကိုဆွဲဖို့ အချင်းချင်း တိုင်ပင်ကြပါတော့တယ်။ ဘုရင်ကြီးဟာ မျက်စိတစ်လုံးနဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးထားရတာကြောင့် ပုံတူ ပန်းချီကားဆွဲရာမှာ ဘယ်လိုမျိုးဆွဲရမလဲဆိုတာ ပန်းချီဆရာတွေအားလုံး အကျပ်ရိုက်နေပါတော့တယ်။ မျက်လုံးတစ်ဖက်နဲ့ ခြေထောက်တစ်ဖက်သာ ပါဝင်တဲ့ ပန်းချီကားကို ဘုရင်ကြီးက သဘောမကျပဲ အမျက်ဒေါသထွက်ပြီး အပြစ်ဒဏ် ပေးခံရမှာကြောက်ရွံတာကြောင့် ပန်းချီဆရာတွေအားလုံးဟာ ဘယ်သူမှ တာဝန်ယူပြီး မရေးဆွဲလိုကြပါဘူး။

အားလုံး အကျပ်ရိုက်နေတုန်းမှာပဲ ပန်းချီဆရာ လူငယ်လေးတစ်ဦးက “ကျွန်တော်မျိုး အရှင့်အတွက် အကောင်းဆုံး ပုံတူ ပန်ချီးကား တစ်ချပ်ကို ရေးဆွဲပေးပါ့မယ်”လို့ လျှောက်တင်လိုက်ပါတယ်။ အဲဒီအခါ ဘုရင်ကြီးက ကျေနပ်ဝမ်းမြောက်တော်မူပြီး ရေးဆွဲဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုယူဆောင်စေပြီး စတင်ဆွဲစေပါတယ်။

ကောင်လေးဟာ နာရီပေါင်းများစွာ စိတ်ရှည်ရှည်နဲ့ ဘုရင်ကြီးရဲ့ ပုံတူပန်းချီကားကို ဆွဲပြီးတဲ့နောက်မှာတော့ အချောသတ် ပြီးစီးသွားပါတော့တယ်။ ဘုရင်ကြီးက “ငါကိုယ်တော်ရဲ့ ပုံတူ ပန်းချီကား ဆွဲတာပြီးသွားပြီလားကွယ့်” လို့မေးမြန်းတဲ့အခါ ကောင်လေးက ” ပြီးစီးတော်မူပါပြီ အရှင်။ ကျွန်တော်မျိုး အရှင့်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရေးဆွဲထားပါတယ်” လို့ လျှောက်တင်ပြီး သူရေးဆွဲထားတဲ့ ပန်းချီကားကြီးကို ဘုရင်ကြီးအား ပြသလိုက်ပါတယ်။

ကောင်လေးရေးဆွဲထားတဲ့ ပန်းချီကားထဲမှာ ဘုရင်ကြီးဟာ မြင်းကိုစီးပြီး သားကောင်ကိုပစ်ဖို့ လေးနဲ့မြှားကိုကိုင်ကာ မျက်စိတစ်ဖက်ကို မှိတ်ပြီး ချိန်နေတဲ့ပုံကို သဘာဝကျစွာနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။ ဘုရင်ကြီးဟာ ကောင်လေးရေးဆွဲထားတဲ့ ပန်းချီကားလေးကိုကြည့်ပြီး လွန်စွာ သဘောကျနှစ်သက်တာကြောင့် ဆုငွေ အမြောက်အမြား ချီးမြှင့်ပေးခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အသိလေးတစ်ခုကတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ အပြစ်အနာဆာတွေ၊ အာနည်းချက်တွေကို လျစ်လျူရှုပေးပြီး အားသာချက်တွေကို ဖော်ထုတ်ပေးသင့်ပါတယ်။ အဆိုးမြင် အယူအဆတွေကို တတ်နိင်သလောက် လျော့ချပြီး အကောင်းအမြင်နဲ့ ကြည့်ရှုမယ်၊ အပြုသဘောဆောင်တဲ့ ကောင်းတာတွေလုပ်မယ်ဆိုရင်တော့ အရာရာတိုင်းက လှပလို့နေမှာပဲဖြစ်ပါတယ်။

Ref: “Perfect Portrait”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top