လဲကျတိုင်းအကောင်းဆုံးပြန်လည်ရုန်းထနိုင်ခဲ့သော ဖိုးသော်၏ စိတ်ဓာတ်

phoethaw.jpg

“ကျွန်တော်က အရှုံးမပေးသရွေ့ ဘယ်တော့မှမရှုံးဘူး ဆိုတဲ့စကားကိုလက်ကိုင်ထားပါတယ်။ ရှုံးတယ်ဆိုတာ ကိုယ်အရှုံးပေးမှ တကယ်ရှုံးတာပါ။ ပွဲကစားရင်တော့ အနိုင်အရှုံးဆိုတာကရှိမှာပဲ။ မရှုံးသေးဘူးလို့ ကျွန်တော်တို့ယူဆထားသမျှ နောက်ထပ်နိုင်ပွဲတွေထပ်ရနိုင်တယ်။ ဒီလိုပဲ ကိုယ်ကိုယ့်ကိုယ် စိတ်ဓာတ်မြှင့်တင်တယ်”ဟု ပြောလာသူကတော့ ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် အလဲထိုးနိုင်ပွဲအများဆုံးကစားသမား “ဘူရှီဒို” ဖိုးသော်ဖြစ်သည်။

ဖိုးသော်က ၎င်း၏ဘဝတွင် အခက်အခဲနှင့် ရှုံးနိမ့်မှုများကြုံလာတိုင်း ပြန်လည်ရုန်းထနိုင်ရန် မည်သို့စိတ်ဓာတ်မြှင့်တင်ခဲ့ကြောင်း ပြန်လည်ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ ၎င်းကိုယ်တိုင်လည်း ကစားသမားဘဝ သတ္တမမြောက်ပွဲတွင် မလေးရှားကစားသမား Keanu Subba ကို ရှုံးနိမ့်ခဲ့ဖူးသည်။ သို့သော် ယင်းပွဲနောက်ပိုင်းကစားရသည့် နှစ်ပွဲဆက်တိုက် ပြိုင်ဘက်ကိုများကို အလဲထိုးအနိုင်ယူခဲ့သည်။

ဖိုးသော်က “ကျွန်တော် ရှုံးသွားတဲ့အချိန်မှာသိလိုက်တာက ဒီရလဒ်ကိုပြန်ပြင်လို့မရတော့ဘူးပေါ့။ မရှုံးသေးခင်ကတော့ ကိုယ့်မှာ ရလဒ်တွေ ပိုကောင်းအောင်လုပ်လို့ရတယ်။ ရှုံးပွဲမရှိဆိုတာကလည်း ဂုဏ်သိက္ခာရှိတာပေါ့နော်။ ရှုံးသွားတော့ ဒီအရှုံးကိုလက်ခံပြီး သင်ခန်းစာယူရမယ်။ ဒီလောက်ကြိုးစားရုံနဲ့ မလုံလောက်တော့ဘူးဆိုတာသိလာတယ်။ စိတ်ဓာတ်တစ်ခုတည်းနဲ့မရဘူး။ စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ လေ့ကျင့်မှုကအရေးကြီးပါတယ်။ ရှုံးသွားတဲ့အချိန်မှာ စိတ်မကောင်းတာရော၊ ပိုကြိုးစားမယ်ဆိုတဲ့ စိတ်ရော တစ်ခါတည်းဖြစ်သွားတယ်” ဟု ၎င်း၏ တစ်ပွဲတည်းသောရှုံးပွဲကြောင့် ဖြစ်ခဲ့ဖူးသည့်စိတ်ခံစားချက်ကို ပြန်ပြောပြသည်။

ယင်းပွဲမှလွဲ၍ ကျန်ပွဲများတွင် ဖိုးသော်သည် ပြိုင်ဘက်အားလုံးနီးပါးကို ပထမအချီတွင်ပင် အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။ သို့သော် တစ်ခါတစ်ရံတွင် ရှုံးလုရှုံးခင်ဖြစ်ခဲ့သည့်အခြေအနေများလည်းရှိဖူးသည်ဟု ဖိုးသော်က ဝန်ခံခဲ့သည်။ ဥပမာအားဖြင့် အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo နှင့်ပွဲတွင် ရှုံးခါနီးဖြစ်ပြီးမှ ပြန်လည်အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖိုးသော်ကပြောပြခဲ့ပြီး ယင်းပွဲတွင် အနိုင်ပြန်လည်ရရှိအောင် စိတ်ဓာတ်မြှင့်တင်ခဲ့ရပုံကိုလည်း ပြန်ပြောပြခဲ့သည်။

“ရှုံးမလိုဖြစ်သွားတဲ့အခြေအနေမှာ အရှုံးမပေးဘူး၊ သူမနိုင်စေရဘူး ဆိုတဲ့စိတ်မျိုးကိုတွေးလိုက်တာပေါ့။ ကိုယ်ကြိုးစားထားတာတွေဟာ ဒီလိုလွယ်လွယ်အရှုံးပေးဖို့မဟုတ်ဘူးဆိုတာမျိုး။ ရှုံးခါနီးဖြစ်နေတဲ့အချိန်ဆို ထွက်ပေါက်တစ်ခုရအောင်ရှာတယ်။ ကိုယ့်ကိုအဆိုးမြင်တဲ့သူတွေနဲ့ ကိုယ်သွားချင်တဲ့ပန်းတိုင်ကိုတွေးလိုက်ပြီး အဲဒီအားနဲ့ ပြန်ပေါက်ကွဲတာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နိုင်မယ့်အတွေးတစ်ခုကို တွေးလိုက်တယ်။ တစ်ခါတလေမောနေတဲ့အချိန်၊ တစ်ဘက်က အခြေအနေအရမ်းကောင်းနေတဲ့အချိန်မျိုးမှာ ငါးစက္ကန့်လောက်ရရင်ပဲ အတွေးထဲမှာအရှုံးမပေးဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရေရွတ်ပြီးရုန်းရတာပေါ့” ဟု ဖိုးသော်က ပြောပြခဲ့သည်။

ဖိုးသော်သည် ကစားသမားတစ်ဦးအဖြစ် ကြိုးဝိုင်းအတွင်းလက်စွမ်းပြနေရုံသာမက ၎င်း၏ Team PT မှ ကစားသမားများကို နည်းပြတစ်ဦး၊ ကြိုးဝိုင်းအကူတစ်ဦးအနေဖြင့်လည်း ပံ့ပိုးကူညီပေးနေသူဖြစ်သည်။ အဆိုပါကစားသမားများထဲတွင် ပြီးခဲ့သည့် ONE Warrior Series 7 ပြိုင်ပွဲတွင်နိုင်ပွဲရရှိခဲ့သူ စိုင်းဉာဏ်လင်းလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ စိုင်းဉာဏ်လင်းသည် ၎င်း၏ ပထမဆုံး ONE Warrior Series ပြိုင်ပွဲ (၂) ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးမှ (၂) ပွဲဆက်တိုက် ပြန်လည်အနိုင်ရခဲ့သူ ဖြစ်သည်။ ယင်းသို့အရှုံးများမှပြန်ရုန်းထနိုင်စေရန် စိုင်းဉာဏ်လင်းကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပုံကိုလည်း ဖိုးသော်ကပြန်ပြောပြခဲ့သည်။

“သူ့ကို ကျွန်တော် တွေးတဲ့ပုံစံလေးပြောပြတယ်။ သူ့ရဲ့ ဘဝလမ်းကြောင်းမှာ ရှုံးလို့ စိတ်ဓာတ်ကျစရာမလိုဘူး။ အခွင့်အရေးတွေ ဆက်ရှိနေသေးတယ်။ သုံးပွဲရှုံးရင် လေးပွဲမြောက်မှာ နိုင်အောင်ကစား။ လေးပွဲရှုံးရင် ငါးပွဲမြောက်မှာနိုင်အောင်ကစား။ တချို့ ကစားသမားတွေဆို သူတို့ရဲ့ ကစားသမားဘဝအစ ပွဲတွေမှာ ရှုံးပွဲတွေတွေ့ခဲ့ပြီးတော့မှ နောက်ပိုင်း ကမ္ဘာကျော်တွေဖြစ်လာတာ။ အဲဒါမျိုးလေးတွေ ဥပမာပေးပြီး ပြောပြတယ်။ စိတ်ဓာတ်ကအရေးကြီးတယ်။ စိတ်ဓာတ်မကျနဲ့။ ကိုယ်အရှုံးပေးမှရှုံးတာ။ အရှုံးမပေးသရွေ့ အခွင့်အရေးရှိသေးတယ် ဆိုတာမျိုးပြောပြတယ်” ဟု ဖိုးသော်ကဆိုခဲ့သည်။

စိုင်းဉာဏ်လင်းသည် ၎င်း၏ ပထမဆုံးနိုင်ပွဲကို ထိုင်းနိုင်ငံသား Peter Danasoe နှင့် ပွဲတွင်ရခဲ့ခြင်းဖြစ်ပြီး တတိယအချီအထိ အကြိတ်အနယ်ကစားပြီးမှ တြိဂံချုပ်ကွက်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့နောက် သြဂုတ် (၆) ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ONE Warrior Series 7 ပြိုင်ပွဲတွင် မလေးရှားနိုင်ငံသား Matt Korro ကို အနိုင်ရခဲ့သည်။ ယင်းပွဲများတွင် ဖိုးသော်က ကြိုးဝိုင်းအကူအဖြစ် တောက်လျှောက်လိုက်ပါကာ အကူအညီပေးခဲ့သည်။

“ကြိုးဝိုင်းထဲမှာတော့ စိတ်ဓာတ်မကျနဲ့၊ အားမငယ်နဲ့။ သူလည်းမော ကိုယ်လည်းမောနေတာ စသဖြင့် အဲဒီလိုတွေပြောပေးတာပေါ့။ Danasoe နဲ့ ပွဲဆိုရင် သူအောက်မှာရောက်နေတဲ့အချိန် ဘေးကနေ အရှုံးမပေးနဲ့ ဆိုပြီးအော်ပေးတယ်။ ဖြစ်ချင်တော့ သူကလည်း အဲဒီအချိန်မှာ အပေါ်ကဖိတာခံထားရတာ။ အရမ်းကို အသက်ရှူကြပ်ပြီး မောနေပြီ။ ကျွန်တော်က သူနိမ့်နေလို့ စိတ်ဓာတ် မြှင့်တင်ပေးလိုက်တယ်။ သူလည်း အဲဒီစကားကြားပြီးတော့ ရုန်းလိုက်တာပြန်လွတ်သွားတယ်။ သူအရှုံးပေးလုပေးခင် အခက်တွေ့နေတဲ့အချိန် ကျွန်တော့်အော်သံကြောင့်ပြန်ရုန်းနိုင်သွားတာလို့ နောက်မှသူပြန်ပြောပြတယ်” ဟု ဖိုးသော်ကပြောပြခဲ့သည်။

အသက် (၃၄) နှစ်ရှိသူ ဖိုးသော်သည် ၎င်း၏ ကစားသမားဘဝတစ်လျှောက် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲပေါင်း (၉) ပွဲကစားခဲ့ရာတွင် (၈) ပွဲ အနိုင်ရခဲ့ပြီး တစ်ပွဲသာရှုံးနိမ့်ထားသည်။ ၎င်းသည် မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် ONE Championship မြန်မာ ဂရင်းပရီတံခွန်စိုက်ပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သူဖြစ်သည်။ ၎င်း၏ ဘဝတွင်ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများကို သင်ခန်းစာယူကာ အောင်မြင်မှုအတွက်ကြိုးစားနေသည့်လူငယ်များကို မှတ်သားဖွယ်ရာစကားအဖြစ် အောက်ပါအတိုင်းပြောခဲ့သည်။

“ဘဝမှာ အရှုံးဆိုတာ အမြဲကြုံရမယ့်အရာပါ။ အားကစားမှမဟုတ်ဘူး။ ဘယ်အလုပ်မဆို အရှုံး အနိုင် ဆိုတာရှိတယ်။ အောင်မြင်မှုဆိုတာ အရှုံးတွေကိုဖြတ်သန်းပြီးမှရောက်တာ။ အရှုံးတွေကိုမဖြတ်ဘဲ အောင်မြင်မှုဆီမရောက်နိုင်ဘူး။ အရှုံးပေါ် သင်ခန်းစာ ယူပြီး ပိုကောင်းအောင်ကြိုးစားမယ်ဆိုရင် အောင်မြင်ဖို့ ပိုပြီးရာခိုင်နှုန်းများလာမယ်။ တစ်ပွဲရှုံးတာ တစ်သက်လုံးရှုံးတာမဟုတ်ဘူး ဆိုတာသဘောပေါက်စေချင်တယ်။ အရှုံးဆိုတာ အကောင်းဆုံးဆရာဖြစ်ပါတယ်” ဟု ဖိုးသော်က ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top