အသက်ရလာတာနဲ့ အဆစ်အမြစ် နာကျင်ခြင်းမဖြစ်အောင် အရိုးတွေကို ဘယ်လိုကာကွယ်မလဲ

21-7-2020-yyl-006.jpg

အဆစ်အမြစ်နာကျင်တယ်လို့ ပြောလိုက်တာနဲ့ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဆေးလို့ ပြောကြပါတယ်။ လူတစ်ယောက်အတွက် ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အရိုးတွေ ကြံ့ခိုင်သန်မာဖို့ အရေးကြီးပါတယ်။ ငယ်ရွယ်တဲ့အသက်အရွယ်မှာကတည်းက ကျွန်တော်တို့တွေဟာ အရိုးကျန်းမာရေးအတွက် အာရုံမထားကြပါဘူး။ အရိုးအဆစ်တွေ နာကျင်လာတဲ့အချိန်မှသာ ဂရုစိုက်ဖြစ်ကြပါတယ်။ ဒါပေမဲ့ သင့်အရိုးတွေက အရိုးအဆစ်တွေ မနာကျင်လာခင်ကတည်းက ဂရုစိုက်ဖို့လိုတယ်။ အသက်ငယ်ရွယ်ကတည်းက အရိုးကျန်းမာရေးအတွက် ဂရုစိုက်တာက နောက်ပိုင်းဖြစ်လာမယ့် အရိုးပြဿနာတွေကို လျော့နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတဲ့အခါ ဖြစ်လာနိုင်တဲ့ အရိုးပြဿနာတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ

အဝလွန်တာကလည်း နှလုံးသွေးကြောစနစ်အတွက် မကောင်းရုံသာမက သင့်အရိုးတွေကိုလည်း နာကျင်စေနိုင်ပါတယ်။ အရိုးအဆစ်တွေက ဖိအားပမာဏအတိအကျကိုသာ သည်းခံနိုင်တာပါ။ သင့်ကိုယ်အလေးချိန်အရမ်းများတဲ့အခါ မလိုအပ်ဘဲနဲ့ အဆစ်အမြစ်တွေကို ဖိအားပေးသလိုဖြစ်စေပါတယ်။ ဒါကြောင့် အဆစ်အမြစ်နာကျင်မှုတွေမဖြစ်အောင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းဖို့ ကြိုးစားကြည့်သင့်ပါတယ်။

သက်တောင့်သက်သာ ဖြစ်တဲ့ဖိနပ်ကို ဝတ်ဆင်ပါ

တစ်နေ့တာ သင် ဝတ်ဆင်တဲ့ ဖိနပ်အမျိုးအစားပေါ်မှာလည်း အာရုံထားသင့်ပါတယ်။ အပြင်ထွက်တဲ့အခါ၊ ဈေးဝယ်ထွက်တဲ့အခါ ဖိနပ်စီးရင် ကျွန်တော်တို့တွေက လက်ရှိခေတ်စားနေတဲ့အရာကို ဦးစားမယ့်အစား သက်တောင့်သက်သာဖြစ်တဲ့ဖိနပ်ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဖိနပ်အရွေးမှားပြီး ဝတ်တာက အဆစ်အမြစ်နာကျင်ခြင်းရဲ့ အခြားအကြောင်းအရင်းဖြစ်နိုင်ပါတယ်။ သင့်ခြေထောက်၊ ဒူး၊ ခြေချင်းဝတ်တို့ကို ဖိအားမပေးတဲ့ ဖိနပ်တွေကို ဝတ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်အပါးကို ရွေးချယ်ပြီး ဒေါက်မြင့်ဖိနပ်ဝတ်ဆင်တာကို ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါပဲ။ သက်တောင့်သက်သာမဖြစ်တဲ့ဖိနပ်ကို ဝတ်ဆင်တာကလည်း နောက်ကျောနာကျင်တွေတောင် ဖြစ်လာနိုင်ပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ

အသက်အရွယ်ရလာတဲ့အခါ အရိုးအဆစ်နာကျင်တာကို ကာကွယ်ဖို့အတွက် အခြားလွယ်ကူတဲ့နည်းကတော့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာပါပဲ။ လှုပ်လှုပ်ရှားရှားနေတာက အရိုးအဆစ်တောင့်တင်းနာကျင်တာတွေကို လျော့ချပေးပြီး ကြံ့ခိုင်သန်မာစေပါတယ်။ အရိုးအဆစ်တွေကို ထိခိုက်နာကျင်တာကနေ ခံနိုင်ရည်ရှိဖို့လည်း ကူညီပေးနိုင်ပါတယ်။ စက်ဘီးစီးတာ၊ ရေကူးတာ၊ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ ဝိတ်မတာတွေကလည်း အရိုးအဆစ်ကျန်းမာရေးအတွက် လုပ်ပေးသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတချို့ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကလည်း နှလုံးသွေးကြောပြဿနာတွေနဲ့ အဆုတ်ကင်ဆာတွေလို ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ချေများပါတယ်။ ဒါပေမဲ့ အရိုးအဆစ်လှုပ်ရှားမှုကိုတောင် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက ခန္ဓာကိုယ်အတွင်းမှာ နီးမြန်းနာကျင်တာတွေဖြစ်လာနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတချို့မဖြစ်လာခင်မှာ ဆေးလိပ်ဖြတ်တာအကောင်းဆုံးပါပဲ။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားသုံးပါ

အရိုးအဆစ်ကျန်းမာရေးအတွက် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာကို စားသုံးပေးသင့်ပါတယ်။ အာဟာရဓာတ်၊ ဗီတာမင်ဓာတ်တွေပြည့်ဝတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးတာက သင့်အရိုးအဆစ်တွေကို သန်မာအောင် ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီ၊ ကြည်သွန်ဖြူ၊ ကြက်သွန်မြိတ်တွေထဲမှာပါဝင်တဲ့ အော်လီယံ (အစားအစာအုပ်စု) တွေက အရိုးပွရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

Ref: 5 ways to protect your bones from discomfort and joint pain as you age

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top