ကြက်ဥအစိမ်းစားရင် ကျန်းမာရေးအတွက်အကျိုးရှိတာ သေချာလား

yyl-020-12.jpg

ကြက်ဥ၊ ဘဲဥတွေမှာ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုနဲ့ အာဟာရဓါတ်များစွာ ပါဝင်သလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အကျိုးပြုတဲ့ အစားအစာအဖြစ် လူတိုင်းက လက်ခံထားကြပါတယ်။ ကိုလက်စထရောနဲ့ ကယ်လိုရီဓါတ် အနည်းငယ်ပါဝင်တဲ့အတွက် တန်ဆေး လွန်ဘေး အတော်အသင့်စားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ကြက်ဥတွေက ချက်ရ၊ ပြုတ်ရတာလည်း အဆင်ပြေသလို ဟင်းအမည် တော်တော်များများမှာလည်း ကြက်ဥကို မပါမဖြစ် ထည့်သွင်းကြပါတယ်။ မွှေကြော်မလား၊ ထမင်းနဲ့ တွဲကြော်မလား၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနဲ့ ရောချက်မလား၊ ဆီပြန်ဟင်းချက်မလား၊ ပြုတ်ပြီး၊ ပေါင်းပြီးလည်း စားလို့ရတာမို့ အိမ်ရှင်မတွေအတွက် ချက်ပြုတ်ရတာလည်း အရမ်းလွယ်ကူပါတယ်။

ကြက်ဥအစိမ်းစားခြင်း

ခုနောက်ပိုင်းမှာ ကြက်ဥကို အစိမ်းလိုက်စားတဲ့ အလေ့အကျင့်က ပြန်ပြီးခေတ်စားလာပါတယ်။ တချို့ကလည်း အားရှိတယ်၊ ကြွက်သားတက်တယ်၊ ကျန်းမာတယ်ပေါ့။ အစိမ်းမစားရဲတဲ့သူတွေကလည်း ဒီအကျင့်က မကောင်းဘူး၊ ရောဂါပိုးတွေ ပါနိုင်တယ်၊ ချက်ပြီးစားတာပဲ ကောင်းတယ်ပေါ့။ ဒီနေ့ဆောင်းပါးမှာ ကြက်ဥအစိမ်းစားခြင်းနဲ့ ပတ်သက်ပြီး လူတွေသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ၊ သတိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

၁။ ကြက်ဥအစိမ်းစားခြင်းဟာ ချက်ပြီးစားသလိုပဲ အာဟာရတွေ အပြည့်အဝရနိုင်ပါတယ်။

မူလကြက်ဥမှာ ပရိုတင်းဓါတ်၊ ကျန်းမာစေတဲ့ အဆီဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဆီလီနီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်၊ ဖောလစ်အက်ဆစ်တွေ၊ မျက်စိအားကောင်းစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကိုလင်းဓါတ်တွေ ပါဝင်ပါတယ်။

၂။ ကြက်ဥကို အနှစ်ပဲစားမလား၊ အကာပဲ စားမလား။

ကျန်းမာရေးကို အလေးထားတဲ့သူတွေအတွက်တော့ ကြက်ဥကို တစ်လုံးလုံး အပြည့်အဝစားပေးတာ အကောင်းဆုံးပါပဲ။ ကြက်ဥမှာ ပါဝင်တဲ့ အာဟာရဓါတ်အများစုက အနှစ်ထဲမှာ စုနေတာဖြစ်ပြီး အကာထဲမှာတော့ ပရိုတင်းဓါတ်တွေ အများဆုံး ပါဝင်နေပါတယ်။ အားကစားသမားတွေ၊ ကြွက်သားတက်ဖို့ လေ့ကျင့်နေတဲ့ အမျိုးသားတွေအတွက်တော့ အကာကို များများစားပေးသင့်ပါတယ်။

၃။ အစိမ်းစားတဲ့အခါ ကြက်ဥရဲ့ ပရိုတင်းဓါတ်ကို ကောင်းစွာ မစုပ်ယူနိုင်ပါဘူး။

စစ်တမ်းကောက်ယူကြည့်တဲ့အခါ ကြက်ဥကို ချက်စားတဲ့အခါ သူ့မှာပါဝင်တဲ့ ပရိုတင်းဓါတ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ကိုယ်ခန္ဓါက ကောင်းစွာ စုပ်ယူနိုင်ပေမယ့် အစိမ်းစားမယ်ဆိုရင်တော့ ပရိုတင်း ၅၀ ရာခိုင်နှုန်းကိုပဲ စုပ်ယူနိုင်တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် ချက်စားတဲ့အခါ ကိုယ်ချက်တဲ့ ပုံစံ၊ မီးအပူချိန်ပေါ် မူတည်ပြီး တခြား ဗီတာမင်နဲ့ အာဟာရဓါတ်တွေ လျော့နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

၄။ ကြက်ဥအစိမ်းမှာ ဘက်တီးရီးယားပိုးတွေ ပါနိုင်ပါတယ်။

ဘယ်အရာမဆို မချက်ဘဲ အစိမ်းစားတဲ့အခါ ဘက်တီးရီးယားပိုးတွေ အနည်းနဲ့ အများ ပါလာတတ်ပါတယ်။ ကြက်ဥမှာ ဆော်လ်မွန်နယ်လား (Salmonella) လို့ ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နေပါတယ်။ ဒီဘက်တီးရီးယားကောင်လေးတွေဟာ ကြက်ဥအပြင်ခွံမှာရော အတွင်းထဲမှာပါ ရှိနေနိုင်ပါတယ်။ ပိုးပါနေတဲ့ ကြက်ဥကို အစိမ်းအတိုင်းစားလိုက်ရင် ဗိုက်အောင့်ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ အော့အန်တာ၊ ဖျားနာတာ၊ ခေါင်းမူးတာ အစရှိတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ စားပြီး ၆နာရီမှ ၄၈နာရီအတွင်း အစာအဆိပ်သင့်ခြင်း ဖြစ်ပြီး ၃ရက်မှ ၇ရက်အထိ ဝေဒနာခံစားရတတ်ပါတယ်။ စတိုးဆိုင်တွေမှာ ထုတ်ပိုးပြီး ရောင်းနေတဲ့ ကြက်ဥအစိမ်းတွေကတော့ သေချာပိုးသတ်ပြီး သန့်စင်ထားတာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုး ပါဝင်နိုင်ခြေ အလွန်နည်းတာကိုတွေ့ရပါတယ်။

၅။ ဘယ်အသက်အရွယ်တွေ ကြက်ဥအစိမ်း မစားသင့်ဘူးလဲ။

ကြက်ဥကို အစိမ်းအတိုင်းစားဖို့ မသင့်လျော်တဲ့ အသက်ရယ်လို့တော့ မရှိပေမဲ့ သူ့နောက်မှာ ပါလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ် အရမ်းအားနည်းနေတဲ့ မွေးကင်းစကလေးတွေ၊ အရွယ်ငယ်သေးတဲ့ ကလေးတွေမှာ ပိုးကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဘက်တီးရီးယားပိုးပါနေတဲ့ ကြက်ဥကို အစိမ်းစားမိရင် သားအိမ်ကျုံ့ပြီး ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အတွက် လမစေ့ဘဲ ကလေးမွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ ကိုယ်ခံအားစနစ်အားနည်းနေတဲ့သူတွေ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ HIV ပိုးရှိသူတွေအနေနဲ့ ကြက်ဥအစိမ်းစားဖို့ မသင့်လျော်ပါဘူး။

၆။ အစိမ်းစားခြင်းကြောင့် ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ။

ဘယ်အရာမဆို အစိမ်းစားတယ်ဆိုရင်တော့ သူ့မှာ ပါနေတဲ့ ပိုးကူးစက်နိုင်ခြေက အနည်းနဲ့ အများတော့ ရှိပါတယ်။ ကိုယ့်အနေနဲ့ လုပ်နိုင်တာကတော့ ပိုးကူးစက်ခံနိုင်ခြေ ရာခိုင်နှုန်းကို နည်းနိုင်သမျှ နည်းအောင် သေချာပြင်ဆင်ဖို့၊ ဂရုစိုက်ဖို့ပါပဲ။

    • စတိုးဆိုင်မှာ ရနိုင်ပြီး ပိုးသတ်ထားတဲ့ ထုတ်ပိုးပြီးသားကြက်ဥမျိုးကို ရွေးဝယ်ပါ။ လတ်လတ်ဆတ်ဆတ် ဥထားတဲ့ ကြက်ဥဆိုရင်တော့ အစိမ်းမစားတာ အကောင်းဆုံးပါပဲ။
    • စတိုးဆိုင်မှာ ဝယ်မယ်ဆိုရင်လည်း သေချာ အအေးခန်းထဲမှာ ထားထားတဲ့ ကြက်ဥမျိုးကို ရွေးဝယ်ပါ။
    • အိမ်ပြန်ရောက်ရင် ကြက်ဥကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ စားမယ်ဆိုမှ တစ်လုံး၊ နှစ်လုံးယူပြီး ချက်ချင်းဖောက်စားပါ။
    • အခန်းအပူချိန်မှာ ထားထားမယ်ဆိုရင် ဘက်တီးရီးယားပိုး ပေါက်နိုင်ခြေပိုများတဲ့အတွက် ချက်စားတာ အကောင်းဆုံးပါပဲ။
    • ရက်လွန်နေတဲ့ ကြက်ဥတွေ ဝယ်တာ၊ စားတာမျိုး လုံးဝမလုပ်ပါနဲ့။
    • ကြက်ဥအခွံက အက်ကွဲနေတာ၊ ညစ်ပတ်နေတာမျိုး မဝယ်ပါနဲ့။
    • ဖောက်ကြည့်လိုက်လို့ ကြက်ဥအနံ့က တစ်မျိုးကြီးဖြစ်နေတယ်၊ ပုပ်သလို၊ ညှီသလို အနံ့ဖြစ်နေတယ်ဆိုရင် လုံးဝမစားပါနဲ့။
    • ဘက်တီးရီးယားပိုးကို သေစေတဲ့ တစ်ခုတည်းသော နည်းလမ်းက သေချာ အပူပေးပြီး ချက်ပြုတ်တာပဲ ဖြစ်ပါတယ်။

Ref : Hellosayarwon

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top