Alexa က ၉၁၁ ဆီဖုန်းဆက်သတင်းပေးလိုက်လို့ အဖမ်းခံခဲ့ရတဲ့အမျိုးသား

15961570-0-image-a-12_1562932981578.jpg

နယူးမက္ကဆီကိုမှာ ချစ်သူ၊ သမီးငယ်တစ်ဦးတို့နဲ့ အတူနေထိုင်နေတဲ့ အက်ဒွာဒို ဘားရို့စ် (Eduardo Barros) ဆိုသူ အမျိုးသားတစ်ဦးက သူ့ချစ်သူအမျိုးသမီးနဲ့ ရန်ဖြစ်စကားများရာမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို Alexa (Amazon ကဖန်တီးထားတဲ့ အသိဉာဏ်ရှိကိုယ်ရေးအကူစနစ်) က ရဲတွေဆီ အကြောင်းကြားခဲ့တဲ့အတွက် အဲဒီအမျိုးသားကို ရဲတွေက လာရောက်ဖမ်းဆီးခဲ့ကြကြောင်းသိရပါတယ်။

သူ့ချစ်သူဖုန်းမှာလက်ခံရရှိထားတဲ့ စာတိုတစ်စောင်ကိုတွေ့ခဲ့တဲ့ ဘားရို့စ်က ဒေါသထွက်ပြီး အခြားအမျိုးသားတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ကာ စကားများရန်ဖြစ်ကြရင်း ကိုယ်ထိလက်ရောက် ဖြစ်ခဲ့တာပါ။ “မင်း ရဲတွေကိုခေါ်ဖို့လား” လို့ပြောခဲ့ပြီး သူ့ချစ်သူကို “သတ်ပစ်မယ်” လို့လည်း ဘားရို့စ်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။

သူတို့စကားများရန်ဖြစ်နေကြချိန်မှာ ဘေးပတ်ဝန်းကျင်အသံတွေနဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့ Amazon Smart Speaker Alexa က အသံအမိန့်ပေးမှုလို့ ထင်မှတ်သွားပြီး ၉၁၁ ကို ဖုန်းခေါ်ပေးခဲ့တာပါ။ အဲဒီနောက်တော့တာဝန်ရှိသူတွေ အိမ်ကိုရောက်လာခဲ့ကြပြီး အမျိုးသမီးနဲ့ ကလေးကို ဘေးကင်းလုံခြုံရာဆီ ပို့ပေးခဲ့ကြပါတယ်။ ဘားရို့စ်ရဲ့ချစ်သူအမျိုးသမီးက ရန်ဖြစ်နေစဉ်မှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရသွားခဲ့ပေမဲ့ ဆေးရုံကိုတော့မသွားခဲ့ရပါဘူး။ ကလေး ကတော့ ဒဏ်ရာတစ်စုံတရာမရခဲ့ဘူးလို့ ရဲတွေကပြောခဲ့ပါတယ်။

Speaker က Amazon Echo (ဒါမှမဟုတ်) Echo Dot နဲ့ ချိတ်ဆက်ခဲ့တာ ဟုတ် မဟုတ်တော့ မသေချာပါဘူး။ ဒါပေမဲ့ အိမ်က ဆက်သွယ်ရေးစနစ်တစ်ခုနဲ့ ချိတ်ဆက်ထားတယ်လို့ New York Post က ဆိုထားပါတယ်။ “၉၁၁ က ကောင်မလေးရဲ့ဖုန်းကို ခေါ်ခဲ့တဲ့အခါမှာ ဘားရို့စ်က ခေါ်တဲ့သူရဲ့ ID ကို မြင်ပြီး ကြမ်းပြင်ပေါ်ကို လွှင့်ပစ်ခဲ့ပါတယ်။ အဲဒီနောက် ဘားရို့စ်ဟာ သူ့ချစ်သူရဲ့မျက်နှာနဲ့ ဝမ်းဗိုက်တွေကို (၁၀) ကြိမ်လောက် ကန်ကျောက်ခဲ့ပါတယ်။ ရဲတွေဆီ Alexa ဖုန်းခေါ်လိုက်တာကိုလည်း ဘားရို့စ်တစ်ယောက် မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်းမှာ အမျိုးသမီးရဲ့အသက်ကို Smart Device တစ်ခုက ကယ်တင်ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲတွေဆိုခဲ့ပါတယ်။ “ဒီအံ့သြဖို့ကောင်းတဲ့ နည်းပညာက အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်ကနေ မိခင်နဲ့ ကလေးကို ကယ်တင်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ABC News ကို ပြောပြခဲ့ပါတယ်။ ဘားရို့စ်ကတော့ ကြီးလေးတဲ့ပြစ်ဒဏ်ကို ရင်ဆိုင်ရဖွယ်ရှိနေပါပြီ။

Ref: Dailymail “Amazon Alexa calls 911 on man ‘beating and threatening to kill his girlfriend”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top