မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

25-3-2022-yyl04.jpg

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ပြောပါတယ်။ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဟာ အချိန်တစ်နာရီကျော် (၆၈၄ မိုင်အကွာအဝေးအထိ) ပျံသန်းခဲ့ပြီး ဂျပန်ရေပိုင်နက်အတွင်း ကျခဲ့တယ်လို့ ဂျပန်အရာရှိတွေက ပြောပါတယ်။ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကြောင့် မြောက်ကိုရီးယားရဲ့ ပစ်ခတ်နိုင်စွမ်းဟာ အမေရိကန်ကုန်းမကြီးအထိ ရောက်ရှိနိုင်ပါတယ်။ အခုစမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ တင်းမာမှုကို ဖော်ပြနေပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်က ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွက် ဒုံးကျည်စမ်းသပ်မှု အများအပြားလုပ်ခဲ့ပြီး အဲဒီအထဲမှာ စမ်းသပ်မှုတချို့ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ် တစ်စိတ်တစ်ပိုင်းကို စမ်းသပ်ခဲ့တာလို့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ပြောပါတယ်။ဒီနေ့ (မတ်လ ၂၄ ရက်နေ့) ဒုံးကျည်စမ်းသပ်မှုဟာ လွန်ခဲ့တဲ့ ၅ နှစ်က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ထက် အသစ်ပိုဖြစ်ပြီး ပိုအားကောင်းသလို အမြင့် ၃၇၃၀ မိုင်အထိ ရောက်ရှိခဲ့တယ်လို့ ဂျပန်အရာရှိတွေက ပြောပါတယ်။

တောင်ကိုရီးယားစစ်တပ်ကလည်း ကုန်းမြေ၊ ရေပြင်နဲ့ ဝေဟင်တွေကနေ ဒုံးကျည်စမ်းသပ်မှု ၅ ကြိမ် လုပ်ပြီး မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့လုပ်ရပ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ အမေရိကန်နိုင်ငံက ရှုတ်ချခဲ့ပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေမလုပ်ဖို့ တားမြစ်ပိတ်ပင်ထားပြီး အရင်က စမ်းသပ်မှုတွေလုပ်ခဲ့လို့ ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု တော်တော်များများ လုပ်ခဲ့ပြီး အဲဒီတုန်းက နောက်ဆုံးအကြိမ် စမ်းသပ်မှုမှာတော့ ဟွာဆောင်-၁၅ ဒုံးကျည်က အမြင့် မိုင် ၂၈၀၀ အထိ ရောက်ရှိခဲ့ပါတယ်။

ဟွာဆောင်-၁၅ ဒုံးကျည်ကို စံသတ်မှတ်ချက် လမ်းကြောင်းအတိုင်း ပစ်လွှတ်မယ်ဆိုရင် ၈၀၈၀ မိုင်အကွာအဝေးအထိ ရောက်ရှိနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းပါတယ်။ အဲဒီအတိုင်းအတာအရ အမေရိကန်ကုန်းမကြီးကို ဘယ်နေရာကိုမဆို ရောက်ရှိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

Ref: BBC “North Korea tests banned intercontinental missile”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top