ဝါးရုံပင်လို လူမျိုး

beautiful-landscape-of-bamboo-grove-in-the-forest-NTADKEU.jpg

ကျွန်တော်နဲ့ အလယ်တန်းတုန်းက ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖြစ်တယ်။ သူတို့နဲ့ စကားလက်ဆုံကျရင်း မတွေ့ဖြစ်တာကြာဖြစ်တဲ့ သူငယ်ချင်းများအကြောင်း ပြောကြတယ်။
ကျွန်တော်ဟာလည်း ကုမ္ပဏီတစ်ခုမှာ ရာထူး အခြေအနေ တစ်ခုနဲ့ လုပ်ကိုင်လျက်ပေါ့။

အလုပ်သဘောအရ ဆက်ဆံရန် အခြားကုမ္ပဏီတစ်ခုကို အသွား ထင်မှတ်မထားတဲ့ သူငယ်ချင်း တစ်ယောက်အကြောင်းကို ကျွန်တော် ပြောပြတော့ သူတို့လည်း အံ့ဩသွားတယ်။

ငယ်ငယ်တုန်းက လေးလုံးမျက်ပြူးလို့ အမည်ပြောင် ခေါ်ဆိုပြီးတော့ အတန်းထဲမှာ ကျောင်းသားတွေ ဝိုင်းဟားတဲ့ သူငယ်ချင်းကို သွားတွေ့တယ်။ ကျွန်တော်ကိုယ်တိုင်ဟာလည်း ငယ်ဘဝမှာ သူများက ဗိုလ်ကျအနိုင်ကျင့်တာ လုပ်ခံရဖူးတော့ ကိုယ်လို ဗိုလ်အကျခံရတဲ့သူကို စာနာတာကြောင့် သူများတွေ သူ့ကို အနိုင်ကျင့်ချိန်မှာ ကျနော် သူ့ဖက်က ရပ်တည်ပေးဖူးတယ်။ ဒါကြောင့် မှတ်မိတာပေါ့။

အသားဖြူဖြူ ပိန်ပိန်နဲ့ ဥပဓိရုပ်က တကယ်စချင်စရာ စာဂျပိုး ရုပ်လေးပါ။ စာတော်လားဆိုတော့လည်း အလယ်အလတ်ပါပဲ။ စာမေးပွဲတစ်ခါမှ သူမကျဖူးပေမယ့် အဆင့်ကတော့ တော်တော်လေး အနောက်ရောက်ပါတယ်။ ရုပ်ကလေးဆိုးရင်တောင် စာတော်ရင် နေရာရတယ်ဆိုပေမယ့် သူ့ခမျာ ကျွန်တော်နဲ့ ဘဝတူပါပဲ ရုပ်ဆိုး စာမရလေးပေါ့။

အစည်းအဝေးသွားတော့ တစ်ဖက်ကုမ္ပဏီမှာ သူဟာ နိုင်ငံခြားသားတွေကိုပဲ ပေးအပ်လေ့ ရှိတဲ့ သူတို့ရဲ့ ကုမ္ပဏီစနစ်ထဲမှာ နိုင်ငံခြားသားတန်းတူ မန်နေဂျာ ရာထူး တစ်ခုကို သူယူထားပါတယ်။ ငယ်ငယ်တုန်းကလို စကားပြောတာ မဝံ့မရဲလဲ မဟုတ်တော့ပဲ စကားပြောတာဟာ မြန်မာလိုကော၊ အင်္ဂလိပ်လိုကော၊ ဂျပန်လိုကော သုံးမျိုးလုံး ရသူ ဖြစ်ပါတယ်။

ကွန်ပြူတာတစ်လုံးနဲ့ လက်ထောက်တစ်ယောက်လည်း သူ့နောက် အမြဲလိုက်ပြီး လူ သုံးထောင်ကျော် ရှိတဲ့ ကုမ္ပဏီမှာ သူဟာ ရာထူး တော်တော်ကြီးကြီးကို ယူထားပါတယ်။ အသက်က ၃၀ မပြည့်သေးပါဘူး။

ငယ်ငယ်တုန်း ငါသိခဲ့ဖူးတဲ့ မျက်ပြူးမှ ဟုတ်ရဲ့လားပေါ့။ ကျွန်တော့ကိုလည်း ပြန်နှုတ်ဆက်ပြီး စကားစမြည် အတူ ပြောဖြစ်ကြပါသေးတယ်။ တက္ကသိုလ်တက်တော့လည်း အဆက်အသွယ် မပြတ်ပါဘူး။ Facebook ခေတ်ဖြစ်တာကြောင့် သူ တက္ကသိုလ် စတက်တာကစလို့ ဘွဲ့ရတဲ့အထိ ကျွန်တော် အကုန်မြင်ရပါတယ်။ သူက စီးပွားရေးတက္ကသိုလ် တက်ခဲ့တာပါ။ ဒါပေမယ့် အပြင်မှာ ဒီလိုရာထူး ဒီလိုနေရာမျိုးမှ လုပ်နေမယ်လို့ သိကိုမသိထားတာပါ။ သွက်လက်ပြီး စမတ်ကျနေတဲ့ သူ့ကိုမြင်တော့ ကျွန်တော်ဟာ သူ့အတွက် ဝမ်းသာကြောင်း အားကျကြောင်း ဆက်လက် အောင်မြင်ပါစေကြောင်း အလုပ်ကိစ္စအပြီးမှ စကားစမြည်ပြောပြီးတော့ ပြန်ခဲ့ပါတယ်။

ဘာကို သွားသတိရလဲဆို ဝါးရုံပင် ဥပမာကို သွားသတိရပါတယ်။ ဝါးပင်တွေဟာဆိုရင်ပေါ့။ အပင်မပေါက်ခင် အမြစ်မှာ အင်မတန် ကြာပါတယ်။ အမြစ်တွယ်တဲ့ နှစ်ဟာ အခြားသော အပင်များထက် အချိန်များစွာ ပိုယူပါတယ်။ ဝါးမြစ်တွယ်တာ သေချာသွားပြီဆိုမှ ဝါးပင်ဟာ စထွက်လာပါတယ်။ ထွက်လာပြီးတဲ့အခါမှာလည်း အခြားအပင်များထက် ရှည်တာ အင်မတန်မြန်ဆန်ပါတယ်။ ပြီးတော့ အခြားအပင်များထက်လည်း ပိုမြင့်မြင့် ပေါက်ပါတယ်။

သင်ခန်းစာ

ဘဝမှာ ကြိုးစားနေဖို့က အရေးကြီးပါတယ်။ လက်ရှိ အခြေအနေမှာ ကိုယ့်ရဲ့ ဖြစ်တည်မှုဟာ အခြားလူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ နိမ့်ကျကောင်း နိမ့်ကျလိမ့်မယ်။ တိုးတက်မှု နှေးနေတယ်ဆိုတာမျိုးလည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါတွေဟာ တဒင်္ဂ တစ်ခု ဖြစ်ပါတယ်။ ဒီကာလလေးကို ဖြတ်သန်းပြီးသွားပြီဆိုရင် အပင်စထွက်ပါမယ်။ ကိုယ့်ရဲ့ အောင်မြင်မှုက စပြီဆိုတာနဲ့ တောက်လျှောက်မရပ်တန်း အရှိန်နဲ့ တက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့ သူငယ်ချင်း မျက်ပြူးဟာ ဝါးပင်နဲ့ တူတဲ့ အောင်မြင်မှုမျိုးကို ရရှိထားသူလို့ ကျွန်တော် သုံးသပ်မိပါတယ်။

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top