MCU ရဲ့ အောင်မြင်မှုအကြီးကျယ်ဆုံး၊ အကောင်းဆုံးရုပ်ရှင်ကားတစ်ကား (သို့) Avengers: Endgame

end-1.jpg

အခုချိန်လောက်ဆိုရင် Box Office မှာလည်း တခြားကားတွေကို အပြတ်အသတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ Avengers: Endgame ကိုတော်တော်များများ ကြည့်ရှုပြီးသားလောက်ဖြစ်မှာပါ။ဆယ်စုနှစ်တစ်ခုစာဖြတ်သန်းလာခဲ့တဲ့ Universe တစ်ခုဖြစ်သလို ဇာတ်ကားပေါင်း ၂၀ ကျော်ရဲ့ ဇာတ်သိမ်းတစ်ခုလိုဖြစ်နေတဲ့အတွက်လည်းSuperHero Fan တိုင်းလက်လွတ်မခံ Spoil အမိမခံဘဲ ကြည့်သွားမယ့်ကားတစ်ကားပါ။ အခုရှေ့ဆက်ပြောသွားမယ့် အကြောင်းအရာတွေမှာ Spoiler တွေပါမှာမို့လို့ မကြည့်ရသေးသူတွေအနေနဲ့တော့ သတိထားစေချင်ပါတယ်။

Spoiler Alert

ဇာတ်လမ်းအကျဉ်း

ရှေ့တစ်ကားဖြစ်တဲ့ Infinity War ပြီးသွားတဲ့နေရာကပဲ ဆက်စထားပါတယ်။ Tony နဲ့ Nebula တို့ အာကာသထဲမျောနေတယ်။ Captain Marvel က သူတို့ကိုကယ်လာတယ်။ ကမ္ဘာမှာကျန်ခဲ့တဲ့ Steve, Natasha, Thor တို့နဲ့ပြန်တွေ့ကြတယ်။ ပြန်ဆုံစည်းပြီးနောက် Thanos နောက်လိုက်ပြီး Infinity Stones တွေကို ပြန်လိုက်ယူဖို့ကြိုးစားပေမဲ့ Thanos က Stones တွေကို ဖျက်ဆီးလိုက်ပြီးဆိုတာသိရလို့ Thanos ကိုသတ်ပြီးပြန်လာရတယ်။ နောက်အချိန် ငါးနှစ်ကျော်သွားပြီး Antman ပြန်ရောက်လာလို့ Time Travel လုပ်နိုင်တာကိုသိရပြီး အတိတ်က Infinity Stones တွေကိုပြန်ယူပြီးတော့ အမှုန့်ဖြစ်သွားတဲ့လူတွေကို ပြန်ခေါ်ဖို့ ကြိုးစားရင်း…..စွန့်စားကြရင်း တိုက်ခိုက်ကြတာပါပဲ။

ရုပ်ရှင်က Universe တစ်ခုလုံးရဲ့ဇာတ်သိမ်းဖြစ်တဲ့အလျောက် Character တွေက တော်တော်ကြီးကိုများပြားပါတယ်။ ဒီလိုဇာတ်ကောင်တွေကို သူ့Roleနဲ့သူ Screen Time အညီအမျှပေးသွားနိုင်တာတော့ ချီးကျူးဖို့ကောင်းပါတယ်။

Trailer တွေမှာပြသခဲ့တာတွေကလည်း ဇာတ်လမ်းရဲ့အစပိုင်း ဆယ့်ငါးမိနစ်အတွင်းဖြစ်လို့ ပရိသတ်တွေကို ကောင်းကောင်းကြီးအံ့သြသွားစေတဲ့အခန်းတွေလည်းပါမှာပါ။ ကောင်းတဲ့အချက်တွေအနေနဲ့ဆိုရင် မပြောမဖြစ် နောက်ဆုံး Epic Battle ပါ။

တော်တော်ကြီးကိုပြင်ဆင်ပြီး ရိုက်ထားတာလည်းသိသာတယ်။ Comic fan တွေအကြိုက်တွေ့လောက်ရတဲ့ အခိုက်အတန့်တွေလည်းပါသလို ကြက်သီးထစေလောက်တဲ့အခိုက်အတန့်တွေလည်းအပြည့်ပါ။ ဒီ scene ကိုတော့ Marvel Fan မဟုတ်တဲ့သူတွေတောင် ခံစားလို့ရနိုင်မှာပါ။ ရုံထဲမှာ အနှောက်အယှက်ကင်းကင်းနဲ့ကြည့်ရရင် တော်တော်ခံစားလို့ကောင်းမယ့်အခန်းတွေပါ။ ဇာတ်သိမ်းကတော့ Marvel Fan တွေအတွက်တော့ ကြေကွဲစရာတွေနဲ့ပြည့်နေလောက်လိမ့်မယ်။

ဇာတ်သိမ်းဖြစ်တာနဲ့အညီ MCU စတည်တုန်းထဲက အဓိကထောက်တိုင်ကြီးတွေလို့ပြောရမယ့် Original Avenger တွေဖြစ်တဲ့ Ironman, Captain America, Thor, Hulk, Black Widow တို့ရဲ့ဇာတ်ပါ။ အထူးသဖြင့် Captain နဲ့ Ironman ကြားကဆက်ဆံရေးတွေအပြင် သူတို့နှစ်ယောက်ရဲ့ဇာတ်သိမ်းတွေကို ပုံဖော်သွားတာလည်း တော်တော်ကြီးကိုကောင်းတယ်လို့ ပြောလို့ရမှာပါ။ Original Avenger တွေအတွက်ဖြစ်တဲ့အတွက်လည်း နောက်ထပ် Phase မှာဆက်ပါမယ့်ဇာတ်ကောင်တွေကတော့ role ရော အခန်းရော တော်တော်နည်းသွားပါတယ်။ အရမ်းကြမ်းပါတယ်လို့ အမွှန်းတင်ထားတဲ့ Captain Marvel ကြီးတို့တောင် ဘာမှသိပ်မပါလိုက်ဘူး။ ဒါလည်းချုံကြည့်လိုက်ရင် ဘာမှသိပ်ပြီးပြဿနာမရှိပါဘူး။

ပြီးတော့ လူပြောများနေတဲ့ Time Travel လော့ဂျစ်ပါ။ သူတို့ရဲ့အချိန်နောက်ပြန်သွားပုံက တခြားရုပ်ရှင်တွေနဲ့တော့မတူပါဘူး။ Hulk ရဲ့အဆိုအရ သူတို့လက်ရှိရှိနေတဲ့ ပင်မ Timeline ကြီးဟာ အတိတ်ကိုပြန်သွားပြီး ဘယ်လိုပြောင်းလဲမှုမျိုးလုပ်လုပ် ဒီအတိုင်းပဲဆက်ရှိနေမှာပါ။

အဲဒီအစား အတိတ်မှာပြောင်းလဲသွားတဲ့နေရာဆိုလို့ Timeline နောက်တစ်ခုခွဲထွက်သွားမှာပါ။ ဒါကြောင့် Multiverse Theory နဲ့လည်း ခပ်ဆင်ဆင်တူနေပြီး ပစ္စပ္ပန် Nebula က အတိတ်က Nebula ကိုပစ်သတ်ခဲ့ပေမဲ့လည်း ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိတာပါ။ မတူညီတဲ့ Universe နှစ်ခုကလာခဲ့သလို ဖြစ်နေတာမျိုးကြောင့်ပါ။

ကောင်းတာတွေရှိသလို တချို့ဘဝင်မကျစရာတွေလည်းရောပါနေပါတယ်။ အထူးသဖြင့် Thor ဟာ ဒီဇာတ်ကားထဲမှာ ဟာသဖောက်ဖို့နဲ့ Mjölnirကို ပြန်ယူဖို့ကလွဲပြီး တခြားဘာ Purpose မှမရှိပါဘူး။ နောက်ပိုင်းဇာတ်ကားတွေမှာ ဆက်ပါဦးမှာဖြစ်သလို Captain America နဲ့ Ironman တို့ကိုအာရုံစိုက်ထားလို့ သိပ်ဂရုမစိုက်ထားလားလို့မပြောတတ်ပေမဲ့ Trio ထဲမှာ သူတစ်ယောက်ထဲ Role ကျနေတာ ကြည့်ရဆိုးပါတယ်။

MCU တစ်လျှောက် ပြောင်းလဲမှုတွေများတဲ့ Hulk ကတော့ အရမ်းအံ့သြဖို့ကောင်းတာတွေလည်းမလုပ်ပြသလို သိပ်ပြီးလည်း စိတ်ဝင်စားစရာတော့ ကောင်းမလာပါဘူး။ ပြီးတော့ လူတိုင်းပြောနေကြတဲ့ Captain America တစ်ယောက် အတိတ်မှာနေခဲ့ပြီး ဒိုင်းကြီးနဲ့ပြန်ရောက်လာတာတော့ မေးခွန်းထုတ်ချင်စရာကောင်းပါတယ်။ Timeline ခွဲထွက်တဲ့သီအိုရီနဲ့တောင် အငြင်းပွားစရာကောင်းပါတယ်။

ဒါကိုတော့ Marvel က နောက်ကားတွေမှာဖြေရှင်းသွားမလား Kevin Feige ကပဲ Fan တွေနဲ့တွေ့ပြီး ဖြေရှင်းသွားမလားကြည့်ရမှာပါ။ ဇာတ်ကားရဲ့ သုံးပုံတစ်ပုံလောက်ကို Marvel ရဲ့ထုံးစံအတိုင်း ဟာသတွေနဲ့ပေါ့ပေါ့သွားထားပါတယ်။ ဒါပေမဲ့ အထူးသဖြင့် Captain America’s Ass ဟာသမျိုးဆိုရင် တော်တော်ကြည့်ရဆိုးပါတယ်။

နောက်တစ်ချက်က Marvel ရဲ့ထုံးစံအတိုင်း CGI တွေကောင်းပါတယ်။ တချို့အခန်းတွေမှာညံ့သွားပေမဲ့ ခြုံကြည့်မယ်ဆိုရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ Stunning visual shots တွေ cinematography ကောင်းကောင်းတွေ များများစားစားတွေ့ရဖို့တော့ သိပ်မရှိပါဘူး။

ဒါတောင် Thanos တပ်ကြီးဆင်းလာတဲ့အချိန် One man army အနေနဲ့ Captain America ထွက်လာတဲ့ Scene က အရမ်းလှပါတယ်။ နောက်ဆုံးပြောရရင်တော့ Standalone ရုပ်ရှင်မဟုတ်တဲ့အတွက် ဒီတစ်ကားထဲကြည့်တဲ့သူတွေအဖို့ ဘာမှကြီးကျယ်လှမှာမဟုတ်ဘူး။

ဒါပေမဲ့ ဆယ်နှစ်လုံး တစ်ကားထွက်တိုင်းတစ်ကားကြည့်လာတဲ့သူတွေ Fan အစစ်တွေအဖို့တော့ ခံစားချက်အပြည့်အဝကြီးပေးနိုင်ပါလိမ့်မယ်။ ရုပ်ရှင်ထွက်ခါနီးမှ MCU ကို အမှီလိုက်ကြည့်တဲ့သူတွေနဲ့တောင် ခံစားချက်က အနည်းနဲ့အများကွာနိုင်မှာပါ။ ခြုံကြည့်ရင်တော့ အပြစ်အနာအဆာတွေကို Epic Battle တွေ Feeling တွေနဲ့ လွှမ်းခြုံထားနိုင်တဲ့အပြင် Universe တစ်ခုလုံးရဲ့ဇာတ်သိမ်းကိုဖော်ကျူးထားတဲ့အတွက် လူတော်တော်များများရဲ့အကြီးကျယ်ဆုံး Superhero ရုပ်ရှင်တွေထဲမှာဆိုရင်တော့ ထိပ်ဆုံးကနေ ဦးဆောင်နေနိုင်ပါလိမ့်မယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top