ဒေါ်လာဘီလျံချီ အနုပညာပြတိုက်ထဲမှာ ရောင်းချတဲ့ ၂ ဒေါ်လာတန် ချိစ်ပေါင်မုန့်

Screenshot-2026-11-12-154354.png

ဟောလိဝုဒ်ဒါရိုက်တာ ဂျော့လူးကပ်စ် (George Lucas)နဲ့ ဇနီးဖြစ်သူ မယ်လိုဒီဟော့ဘ်ဆန် (Mellody Hobson) တို့ဟာ လော့စ်အိန်ဂျလိစ်မြို့မှ သူတို့ရဲ့ ဒေါ်လာဘီလျံချီ ပြတိုက်ကြီးထဲမှာ ချိစ်ပေါင်မုန့်တွေကို ၂ ဒေါ်လာတည်းနဲ့ ရောင်းချပေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟော့ဘ်ဆန်ကိုယ်တိုင်က ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာခဲ့ရပြီး သူများဝယ်နိုင်တဲ့အရာကို မဝယ်နိုင်တဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်တော့မှ မမေ့ခဲ့လို့ပါပဲ။

ဂျော့လူးကပ်စ်တို့ ဇနီးမောင်နှံဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ Lucas Museum of Narrative Art ဆိုတဲ့ အနုပညာပြတိုက်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပြတိုက်ကြီးကို ဒေါ်လာ ၁ ဘီလျံကျော် အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ ဘယ်သူမဆို စိတ်လုံခြုံစွာ လာရောက်လေ့လာကြည့်ရှုနိုင်ဖို့ အသေးစိတ် စီစဉ်ခဲ့ကြပါတယ်။

အသက် ၁၇ နှစ်မပြည့်သေးသူတိုင်းကို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့် ပေးထားသလို ဗိုက်ဆာရင်စားဖို့အတွက်လည်း ၂ ဒေါ်လာတန် ချိစ်ပေါင်မုန့်တွေ ရောင်းချပေးနေပါတယ်။

ချီကာဂိုမြို့မှာ မိခင်တစ်ဦးတည်းရဲ့ အုပ်ထိန်းမှုအောက် ကြီးပြင်းခဲ့ရတဲ့ ဟော့ဘ်ဆန်ဟာ ဆင်းရဲနွမ်းပါးလွန်းလို့ စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရဖူးပါတယ်။ ကျောင်းလေ့လာရေးခရီးတွေ ထွက်တဲ့အခါ တခြားကလေးတွေက အမှတ်တရပစ္စည်းတွေ၊ မုန့်တွေ ဝယ်စားနေချိန် ကိုယ့်မှာ ပိုက်ဆံမလောက်လို့ မဝယ်နိုင်ဘဲ ငေးကြည့်နေရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို သူ မမေ့ပါဘူး။

ဒါကြောင့်ပဲ ပြတိုက်ကို စီစဉ်တဲ့အခါမှာ လာရောက်လည်ပတ်သူတိုင်း လက်လှမ်းမီ ဝယ်ယူနိုင်ဖို့ ဈေးသက်သာတဲ့ အရာတစ်ခုခု ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြတိုက်ထဲမှာ ခဲတံတစ်ချောင်းကိုလည်း ၂၅ ပြား (ဝ.၂၅ ဒေါ်လာ) တည်းနဲ့ ရောင်းချပေးလျက် ရှိပါတယ်။

နွမ်းပါးတဲ့ မိသားစုမှ ကလေးငယ်တွေကိုလည်း သူ ငယ်ငယ်က ကြုံဖူးသလို ခံစားမှုမျိုး မဖြစ်စေဖို့၊ ဒီပြတိုက်ထဲမှာ နွေးနွေးထွေးထွေး ကြိုဆိုခံရတယ်လို့ ခံစားစေဖို့ ဟော့ဘ်ဆန်က ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။

Ref: George Lucas and Mellody Hobson are selling grilled cheese sandwiches for just $2 at their billion-dollar museum

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top