ကောလိပ် ၄၉ ခုမှာ ဝင်ခွင့်ရခဲ့ပြီး ကန်ဒေါ်လာ ၁ သန်းကျော် ပညာသင်ဆုတွေ ကမ်းလှမ်းခံရသူ

26-2-2022-yyl01.jpg

ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ အထက်တန်းကျောင်းသူတစ်ယောက်ဟာ ကောလိပ် ၄၉ ခုထံကနေ ဝင်ခွင့်လက်မှတ်တွေ ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ သန်းကျော် တန်ကြေးရှိတဲ့ ပညာသင်ဆုတွေ ကမ်းလှမ်းခံထားရပါတယ်။ အသက် ၁၈ နှစ်အရွယ် မက်ကင်ဇီသွမ်ပဆန်ဟာ အစောပိုင်းက တက္ကသိုလ် ၅၀ ကျော်ကို ဝင်ခွင့်လျှောက်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကောလိပ်ပြပွဲတွေကို တက်ရောက်ခဲ့ပြီး ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်တွေ ရရှိခဲ့ပြီးနောက်မှာတော့ ကောလိပ် ၅၁ ခုကို ဝင်ခွင့်လျှောက်ခဲ့တာပါ။ လက်ရှိအချိန်အထိတော့ မက်ကင်ဇီဟာ ကောလိပ် ၄၉ ခုရဲ့ ဝင်ခွင့်လက်မှတ်တွေ ရရှိထားပြီး နောက်ထပ်ဝင်ခွင့်လက်မှတ်တစ်စောင်လောက် ထပ်ရဦးမယ်လို့ မျှော်လင့်နေပါတယ်။

မက်ကင်ဇီဟာ အထက်တန်းကျောင်းမှာ စာတော်တဲ့ ကြယ်တစ်ပွင့်ပါ။ အချိန်စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်နိုင်လို့ သူ စာတော်တာဖြစ်မယ်လို့ မက်ကင်ဇီက ဆိုပါတယ်။ မက်ကင်ဇီဟာ ဝက်စ်လိတ်အထက်တန်းကျောင်း (Westlake High School) ရဲ့ စီနီယာတန်း အတန်းခေါင်းဆောင်ဖြစ်ပြီး Blue Reign အကအဖွဲ့မှာပူးတွဲအဖွဲ့ခေါင်းဆောင်၊ Beta Club လူမှုအကျိုးပြုအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ၊ ဘေ့စ်ဘောအဖွဲ့ မန်နေဂျာအဖြစ် တာဝန်ယူထားသူပါ။ တက်ကြွလှုပ်ရှား ဂုဏ်ယူစရာ ကျောင်းသား/သူများအဖွဲ့ (National honor society)ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

ကောလိပ်ဝင်ခွင့် ၄၉ ခု ရရှိခဲ့တဲ့အနက် မက်ကင်ဇီကတော့ အလာဘားမားပြည်နယ်ရဲ့ လူမည်းတက္ကသိုလ်ဖြစ်တဲ့ (Tuskegee University) တာစကီဂျီတက္ကသိုလ်မှာ ပညာသင်ကြားဖို့ ရွေးချယ်ခဲ့ပါတယ်။ တာစကီဂျီတက္ကသိုလ် ကျောင်းဝင်းထဲ ရောက်သွားချိန်မှာ ကိုယ့်အိမ်ရောက်နေသလို ခံစားရလို့ အခုလို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ တာစကီဂျီတက္ကသိုလ်ဟာ တိရစ္ဆာန်ကုဆရာဝန်တွေ မွေးထုတ်ပေးတဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားပြီး တိရစ္ဆာန်ကုဆရာဝန် ဖြစ်ချင်တဲ့ မက်ကင်ဇီကလည်း တာစကီဂျီတက္ကသိုလ်မှာ တိရစ္ဆာန်သိပ္ပံပညာရပ် သင်ယူမှာ ဖြစ်ပါတယ်။

Ref: CNN “Georgia teenager accepted to almost 50 colleges”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top