မိဘအိမ်ကို စွန့်ခွာပြီး ရထားပေါ်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ ၁၇ နှစ်သား

15.3.24-yyl-4.jpg

စွန့်စားသွားလာရတာကို ဝါသနာထုံတဲ့ ဂျာမနီလူငယ်တစ်ဦးဟာ မိဘအိမ်ကို စွန့်ခွာပြီး ရထားပေါ်မှာ ရွှေ့ပြောင်းနေထိုင်ရင်း ဂျာမနီနိုင်ငံတစ်ဝန်း လှည့်လည်သွားလာခဲ့တာ တစ်နှစ်ခွဲ ကြာခဲ့ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ လက်ဆေစတိုလီဟာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး ကျောင်းပညာရေးကိုလည်း ရပ်နားထားသူပါ။ သူက နေ့ဘက်တွေဆိုရင် ရထားပေါ်မှာ တခြားခရီးသည်တွေကြား အလုပ်လုပ်ပြီး ညဘက်ဆိုရင်လည်း ညရထားတွေပေါ်မှာ အိပ်စက်လိုက်ပါရင်း ခရီးဆက်နေသူပါ။

လက်ဆေစတိုလီက ၂၀၂၂ ခုနှစ်မှာ သူ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရောင်းချပြီး မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းအနည်းငယ်ကို ကျောပိုးအိတ်ထဲ ထည့်ရင်း ဒီဂျစ်တယ်ခေတ်ရဲ့ အခြေတကျ မနေထိုင်သူဘဝကို စတင်ခံယူခဲ့တာပါ။

” ခြိုးခြံရေးဝါဒီအဖြစ် ရှင်သန်နေထိုင်ရေးရဲ့ အဓိကအချက်ကတော့ ပစ္စည်းဥစ္စာ တိုးပွားလာအောင် မလုပ်ဖို့ပါပဲ။ ကျွန်တော့်ပိုင်ဆိုင်မှုကတော့ ကျောပိုးအိတ်တစ်လုံးစာပဲ ရှိပါတယ်။ အရေးအကြီးဆုံးကတော့ လက်ပ်တော့ရယ်၊ နားကြပ်ရယ်ပါပဲ။ ဒီ ၂ ခုရှိရင် ရထားပေါ်မှာ ကိုယ့်ဘာသာကိုယ် သီးခြားနေလို့ရတယ်လေ” လို့ လက်ဆေစတိုလီက ဆိုပါတယ်။

မိဘအိမ်ကို စွန့်ခွာပြီး ဂျာမနီနိုင်ငံ အနှံ့အပြား လှည့်လည်သွားလာဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လက်ဆေစတိုလီက စိတ်ကြိုက်စီးနင်းလိုက်ပါခွင့်ရှိတဲ့ လျှော့ဈေးလက်မှတ်တစ်စောင် ဝယ်ယူခဲ့ပါတယ်။ အခုလို နေထိုင်မှုဟာ သူ့အတွက် တစ်နှစ်ကို ယူရို ၁၀၀၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

အစပိုင်းမှာ ဘယ်ရထားပေါ်က ဆင်းပြီးရင် ဘယ်ရထားပေါ် ပြန်လိုက်မယ်ဆိုတဲ့ ခရီးစဉ် ရေးဆွဲမှုက သူ့အတွက် အခက်အခဲဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဆင်ပြေသွားခဲ့ပါတယ်။ လက်ဆေစတိုလီဟာ တစ်နေ့ကို ပျမ်းမျှ မိုင် ၆၀၀ နှုန်း ခရီးနှင်နေတာဖြစ်ပြီး လက်ရှိအချိန်အထိဆိုရင် ရထားစီး ခရီးအကွာအဝေးက မိုင် ၃ သိန်းကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။ လက်ဆေစတိုလီက တစ်ဘဝလုံး ရထားပေါ်မှာ နေထိုင်သွားဖို့ စိတ်ကူးမရှိပေမဲ့ သူ့လက်မှတ်သက်တမ်း ကျန်ရှိနေတဲ့ နောက် ၆ လအထိတော့ ရထားပေါ်မှာပဲ ဆက်နေသွားဖို့ ရှိပါတယ်။

Ref: German Teenager Left Parents’ Home to Live Exclusively on Trains for the Last Year and a Half

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top