ချို့တဲ့နွမ်းပါးသူတွေ သန့်ရှင်းတဲ့ရေသောက်ခွင့်ရဖို့ ခက်ခဲကြမ်းတမ်းတဲ့ပြိုင်ပွဲ ဝင်ခဲ့သူ ၈၃ နှစ်အရွယ် အဘွားအို

6-5-2022-yyl08.jpg

” တခြားသူတွေ သန့်ရှင်းတဲ့ရေ သောက်နိုင်ဖို့ ကျွန်မ ရွှံပေခံလိုက်မယ်” . . . .။ ဒီစကားကို ပြောခဲ့သူကတော့ အသက် ၈၃ နှစ်အရွယ် အဘွားအို မီဒရက်ဝီလ်ဆန်ပါပဲ။ အာဖရိကတိုက်ရဲ့ ဝေးလံခေါင်သီတဲ့ရွာတစ်ရွာမှာ ရေတွင်းတူးပေးနိုင်ဖို့ ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ Tough Mudder 5K ပြိုင်ပွဲ ပါဝင်ဆင်နွှဲခဲ့သူပါ။

ရွှံထဲမှာ အတားအဆီးတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ၃ မိုင်အကွာအဝေးရောက်အောင် သွားရတဲ့ Tough Mudder 5K ပြိုင်ပွဲဆိုတာ လူငယ်တွေအတွက်တောင် ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ မီဒရက်ဝီလ်ဆန်က လွန်ခဲ့တဲ့ ၃ နှစ်အတွင်း Tough Mudder 5K ပြိုင်ပွဲ ၃ ကြိမ်တိုင်တိုင် ဝင်ရောက်ဆင်နွှဲခဲ့ပြီး Tough Mudder 5K ပြိုင်ပွဲမှာ အသက်အကြီးဆုံး ပန်းဝင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ သူ့သား ဒန်နီဝီလ်ဆန်က တိုက်တွန်းလို့ Tough Mudder 5K ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းကို ရည်စူးပြီး ဒုတိယအကြိမ် ဆင်နွှဲခဲ့တာပါ။ မီဒရက်ဝီလ်ဆန်က Tough Mudder 5K ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့ ကာလတစ်လျှောက်လုံး သူ့ခင်ပွန်းက စိတ်ဓာတ်ခွန်အားပေးခဲ့တယ်လို့ ဆိုပါတယ်။

မီဒရက်ဝီလ်ဆန်ရဲ့သား ဒန်နီဝီလ်ဆန်ဟာ အာဖရိကတိုက်ရဲ့ ရေရှားပါးတဲ့ ရွာတစ်ရွာမှာ ရေတွင်းတူးနိုင်ဖို့ ကူညီပေးနေတဲ့ လူငယ်အဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ အဲဒီရွာမှာ ရေတွင်းတစ်တွင်းပဲရှိပြီး ရေတွင်းထဲက ရေကလည်း ရွှံရောင် ပေါက်နေပါတယ်။ ဒါတောင် မိုးမရွာတဲ့အခါမျိုးဆိုရင် ရွာသားတွေက တောင်တစ်လုံးကို ကျော်ဖြတ်ပြီး တခြားရေတွင်းဆီ ရေသွားခပ်ရပါတယ်။

ဒန်နီဝီလ်ဆန်နဲ့ မီဒရက်ဝီလ်ဆန်တို့ သားအမိဟာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ ရဖို့ ရည်မှန်းထားပြီး လက်ရှိအချိန်မှာတော့ ရန်ပုံငွေ ဒေါ်လာ ၈၃၆ ပဲ ရပါသေးတယ်။

Ref: Goodnewsnetwork & Toughmudder ” After Husband Dies 83-Year-old ‘Muddy’ Mildred Runs Her Third Tough Mudder Race to Provide Clean Water”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top