မြန်မာနိုင်ငံရဲ့ ပထမဆုံး Unsecured Credit Card ကို ဧရာဝတီဘဏ် မှ ဖေဖော်ဝါရီလတွင် စတင် အကောင်အထည်ဖော်မည်

City-Mart-AYA_MM.jpg

ခရက်ဒစ်ကဒ် (Credit Card) ဆိုတာ ဘဏ်မှငွေကို အတိုးနှုန်းဖြင့် ချေးယူ အသုံးပြုနိုင်တဲ့ ကတ် အမျိုးအစား ဖြစ်ပြီး အကြွေးဝယ်ကတ်လို့ လည်းခေါ်ကြကာ နိုင်ငံတကာမှာ တွင်ကျယ်စွာ အသုံးပြုလျှက်ရှိပါတယ်။ စားသောက်ဆိုင်၊ စူပါမားကက်များ၊ ခရီးသွား အေဂျင်စီများမှစ၍ ရတနာဆိုင်၊ အဝတ်အစား ဖက်ရှင်ဆိုင်၊ အလှပြင်ဆိုင် စတာတွေအထိ ငွေသား ပေးချေစရာ မလိုပဲ ကတ်ဖြင့် ပေးချေရတဲ့ စနစ်ဖြစ်ပါတယ်။ ငွေသားတွေကို သယ်ဆောင်နေစရာ မလိုတဲ့အတွက် အရမ်းကို အဆင်ပြေပြီး အန္တရာယ်ကင်းတဲ့ စနစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Unsecured Credit Card စနစ်ကို ဧရာဝတီဘဏ်မှ ဖေဖော်ဝါရီလတွင် စတင်မှာဖြစ်ပါတယ်။

နိုင်ငံတကာမှာ Secured နဲ့ Unsecured ဆိုပြီး Credit Card နှစ်မျိုး ရှိပါတယ်။ Unsecured ကတ်က ဝင်ငွေ ပုံမှန်ရှိသူတွေ အတွက် ထုတ်ပေးတာဖြစ်ပြီး Secured ကတ်က ဘဏ်မှာ စာရင်းသေ အပ်ငွေ ရှိသူတွေကိုပဲ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဧရာဝတီဘဏ်ကတော့ ပုံမှန်ဝင်ငွေ ရှိသူတွေအတွက် ရည်ရွယ်ပြီး Unsecured ကတ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ လစဉ် ဝင်ငွေ အထောက်အထားပြနိုင်သူ မည်သူမဆို ကတ်ပြုလုပ်နိုင်ကာ အဓိကအားဖြင့် လစာအပေါ် အခြေခံ တွက်ချက်တာဖြစ်ပါတယ်။ လစဉ်ဝင်ငွေရဲ့ ၃.၅ဆ ထိ ကြိုတင် ချေးယူသုံးစွဲနိုင်မှာ ဖြစ်ပြီး ဥပမာ – လစဉ်ဝင်ငွေ ၂သိန်းကျပ် ရရှိကြောင်း အထောက်အထားပြနိုင်ပါက ၇သိန်း အထိ ကြိုတင် သုံးစွဲခွင့် ရမှာဖြစ်ပါတယ်။ အနည်းဆုံး ၃ သိန်းကနေ အများဆုံး သိန်း ၅၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ခရက်ဒစ်ကတ်ကို စတင် အသုံးပြုလိုသူဟာ ဧရာဝတီဘဏ်မှာ ကတ်လျှောက်ဖို့အတွက် အသက်(၂၁)နှစ် ပြည့်ပြီးသူ မြန်မာလူမျိုး (အမြဲတမ်း နေထိုင်ခွင့်ရသူ) ဖြစ်ရမှာဖြစ်ပြီး လခစား ဝန်ထမ်း၊ ကိုယ်ပိုင် လုပ်ငန်းရှင်၊ အငြိမ်းစား ဝန်ထမ်း ဖြစ်ရပါမယ်။ လစဉ်ဝင်ငွေကို ပြနိုင်မယ့် စာရွက်စာတမ်း အိမ်ထောင်စုစာရင်း၊ ဝန်ထမ်းဆိုရင် ကုမ္ပဏီမှ ထောက်ခံချက် အပြင် ထောက်ခံပေးမယ့် သူနှစ်ဦးလိုပါတယ်။ ကတ်ကို မိသားစု အလိုက်လည်း သုံးစွဲနိုင်ပြီး ချေးငွေကို ပေးဆောင်မယ့် အိမ်ထောင်ဦးစီးက ကတ်ပြုလုပ်ထားပါက မိသားစုဝင်များက ထိုကတ်ကို လေးကတ်ဆင့်ပွားပြီး သုံးလို့ရမှာဖြစ်ပါတယ်။

ဧရာဝတီဘဏ်ရဲ့ MPU ခရက်ဒစ်ကဒ်ကို အခမဲ့ ပြုလုပ်ပေးမှာဖြစ်ပြီး ကတ် ပျောက်လို့ ကတ်အသစ် ပြန်လုပ်မယ် ဆိုရင်တော့ ၃ သောင်းကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။ လျှို့ဝှက် နံပါတ် ထပ်ပြောင်း လိုရင်တော့ တစ်ထောင်ကျပ် ကုန်ကျမှာဖြစ်ပါတယ်။ ကတ်ပျောက်ပါက ဖုန်း ဝ၉-၄၂ဝဝ၅၅၅၈၂ (သို့) နီးစပ်ရာ ဧရာဝတီဘဏ်ခွဲ ကို ချက်ချင်း ဆက်သွယ် အကြောင်းကြားပေးရမှာဖြစ်ပါတယ်။ “မြန်မာလူမျိုးတွေရဲ့ လူနေမှုဘဝ ပုံစံကို ပြောင်းလဲ တိုးတက်စေချင်လို့ ဒီကတ်ကို ထုတ်ဖြစ်တာပါ။ ကတ်နဲ့ငွေ ပေးချေတဲ့ စနစ်ဆိုတာ နိုင်ငံတကာမှာ တွင်ကျယ်စွာ သုံးနေကြတာလေ။ အခုထုတ်ပေးမယ့်ကတ်က ပြည်တွင်း မှာပဲ သုံးနိုင်ပေမဲ့ နောက်ဆိုရင် ပြည်ပထိပါ သုံးလို့ရတဲ့ကတ်ကို ထုတ်သွားဖို့ရှိပါတယ်” လို့ ဧရာဝတီဘဏ် ကတ်ဌာနရဲ့ ဒုတိယ အထွေထွေ မန်နေဂျာ မနန်းစောခမ်းဖြူက ရိုးရာလေးကို ပြောကြားသွားပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top