ဓလေ့သုံးစကားနှင့် ဥပစာစကားများ

31.8.2019.jpg

မြန်မာဘာသာစကားနယ်ပယ်မှာ စကားလုံးတွေကို ရှိရင်းစွဲတိုက်ရိုက်အဓိပ္ပာယ်အတိုင်းသုံးစွဲတာမျိုးမဟုတ်ဘဲ အဓိပ္ပာယ်ပွားသုံးတဲ့၊ သုံးစွဲပုံရွှေ့လိုက်တဲ့၊ ထူးထူးခြားခြားသုံးစွဲတဲ့ “ဓလေ့သုံးစကား” တွေရှိနေသလို စကားပြောဆိုတာနဲ့ စာရေးသားရာမှာ အနက်အဓိပ္ပာယ်ထင်ရှားစေဖို့ ဝေါဟာရပြောရိုးအမှန်နဲ့မပြောဘဲ တခြားပုံစံနဲ့ ပြောဆိုရေးသားတဲ့ “ဥပစာစကား” တွေလည်းရှိနေပါတယ်။

လူမျိုးတိုင်းရဲ့ဘာသာစကားနယ်ပယ်မှာ ဓလေ့သုံးစကားနဲ့ ဥပစာစကားတွေရှိနေပြီး သုံးစွဲသူလူမျိုးရဲ့ လူမှုကိစ္စ၊ လုပ်ငန်းဆောင်တာတွေပါ ယှဉ်တွဲပါဝင်နေတာကြောင့် မြန်မာ့လူနေမှုဝန်းကျင်ရဲ့ အစဉ်အလာဓလေ့တွေ၊ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ထင်ဟပ်ပြသနိုင်ပါတယ်။ မြန်မာ့ဓလေ့၊ မြန်မာ့လူနေမှုဝန်းကျင်နဲ့ ထိတွေ့ပတ်သက်နေမှ ဒီစကားတွေကို နားလည်နိုင်မှာလည်းဖြစ်ပါတယ်။

အခုတစ်ပတ်ဖော်ပြပေးမှာကတော့ အသုံးတွင်ကျယ်နေဆဲ ဓလေ့သုံးစကားနဲ့ ဥပစာစကား တချို့ရဲ့အကြောင်းဖြစ်ပါတယ်။ ဖတ်ရှုကြည့်ပြီးရင် လေ့လာမှတ်သားထားဖို့လည်း တိုက်တွန်းလိုပါတယ်။

လှေနံဓားထစ်

လှေနဲ့ခရီးသွားနေတုန်း လူတစ်ဦးက သူ့ရဲ့ဓားရှည်တစ်ချောင်း ရေထဲကိုကျသွားတာကြောင့် ကျတဲ့နေရာမှာ လှေနံကို ဓားနဲ့ထစ်ပြီးမှတ်သားလိုက်ပါတယ်။ နောက်တစ်နေရာကိုရောက်မှ ရေထဲငုပ်ရှာတဲ့အခါ တံစဉ်တစ်ချောင်းကိုတွေ့ခဲ့ပြီး သူ့ဓားအမှတ်နဲ့ “ဓားက ချမ်းလို့ကွေးတောင်သွားပါလား” လို့ ရေရွတ်ခဲ့တဲ့ ပုံပြင်ကိုအစွဲပြုပြီး ပေါ်ပေါက်တာဖြစ်ပါတယ်။

“ကျိုးကြောင်းဆင်ခြင်မှုမရှိဘဲ ပုံသေမှတ်ယူ”တတ်တာမျိုးကို တင်စားပြောဆိုတဲ့ဥပစာစကားတစ်ခုပါ။

လမိုင်းကပ်

လယ်သမားတွေဟာ လယ်လုပ်ငန်းအဆင်ပြေတိုးတက်ဖို့အတွက် လမိုင်းနတ်လို့ခေါ်တဲာ လယ်နတ်ကို ပူဇော်ပသကြလေ့ရှိပါတယ်။ လမိုင်းနတ်ပူးကပ်သူအနေနဲ့ အရာရာ အဆင်ပြေလာတဲ့အဖြစ်ကို အစွဲပြုပြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။

“လုပ်သမျှအဆင်ပြေချောမွေ့” နေတဲ့အခါမျိုးမှာတင်စားပြောဆိုတဲ့ဥပစညစကားတစ်ခုပါ။

ဆိုင်းမဆင့် ဗုံမဆင့်

ဇာတ်ပွဲတစ်ခုမှာ ကပြသူက ဆိုင်းဆရာကို သင့်တော်လိုက်ဖက်တဲ့တီးလုံးတီးခတ်ပေးဖို့ ကြိုပြီးပြောဆိုတာကို ဆိုင်းဆင့် တယ်လို့ခေါ်ပါတယ်။ အဲဒီအခါ ဆိုင်းဆရာက လိုက်ဖက်ရာတီးလုံ:ကို တီးခတ်ပေးရပါတယ်။

“ကြိုအသိမပေးဘဲ ရောက်လာ” တဲ့အဖြစ်မျိုးအတွက် တင်စားပြောဆိုတဲ့ဥပစာစကားတစ်ခုပါ။

ကျွဲမြီးတို

စိတ်ဆိုးတတ်တာကိုသဘောမကျတဲ့ယောက္ခမက သားမက်ဖြစ်သူစိတ်ဆိုးတတ် မဆိုးတတ် စမ်းဖို့ လယ်ထဲကို ထမင်းသွားပို့ရမယ့်အချိန်မပို့ဘဲနေခဲ့ပါတယ်။ သားမက်က ကွဲျအမြီးကိုဖြတ် မီးဖုတ်စားပြီး စိတ်ဆိုးသလားလို့ ယောက္ခမကမေးတဲ့အခါ စိတ်မဆိုးပါ။ ကျွဲမြီးသာတိုတယ်လို့ ပြန်ပြောတဲ့ပုံပြင်ကို အစွဲပြုပြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။

“မကျေမနပ်ဖြစ်ပြီးစိတ်ဆိုး” တာမျိုးကိုအတွက် တင်စားပြောဆိုတဲ့ ဓလေ့သုံးစကားတစ်ခုပါ။

ယတိပြတ်

ကဗျာရေးရာ၊ ရွတ်ရာမှာ ဖြတ်ရ ရပ်ရမယ့်နေရာမှာ ဖြတ်တာ၊ ရပ်တာမျိုးအတွက် သုံးတဲ့ ပါဠိစကား ယတိ ကိုအစွဲပြုပြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။

ပြတ်ပြတ်သားသား၊ အပြီးအပြတ်လုပ်ဆောင်တာမျိုးအတွက်တင်စားသုံးနှုန်းတဲ့ ဥပစာစကားတစ်ခုပါ။

Ref: မောင်ခင်မင်(ဓနုဖြူ) ၏ “မြန်မာဓလေ့သုံးစကားများ”၊”ဥပစာကမ္ဘာကြီးထဲမှာ”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top