ချစ်ခြင်းတွေထုံလွှမ်းနေတဲ့ ချစ်သူများနေ့ (Valentine’s Day)

0_Happy-Valentines-day-Congratulatory-background-by-St-Valentines-Day.jpg

ချစ်သူများနေ့လို့သိကြတဲ့ ဗယ်လင်တိုင်းနေ့ကတော့ ရောက်လာခဲ့ပြန်ပါပြီ။ ဒီနေ့ရက်ဟာ အနောက်တိုင်းခရစ်ယာန်သာသနာရဲ့ Valentinus လို့ အမည်ရတဲ့ သူတော်စင်တွေကိုဝတ်ပြုခြင်းနေ့ပဲဖြစ်ပါတယ်။ စိန့်ဗယ်လင်တိုင်းနေ့ကို နှစ်စဉ် ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိပြီး ယဉ်ကျေးမှုတစ်ရပ်အဖြေစ်၊ အထိမ်းအမှတ်ပွဲတစ်ခုအဖြစ်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပကြပါတယ်။ ဒါပေမဲ့ ဒီနေ့ရက်ကို ဘယ်နိုင်ငံမှာမှ တရားဝင်အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားခြင်းတော့မရှိပါဘူး။

ဗယ်လင်တိုင်းနေ့ဟာ ရောမခေတ်အတွင်းက လက်ထပ်ထိမ်းမြှားတာကိုတားမြစ်ခံရတဲ့စစ်သားတွေကို ထိမ်းမြှားလက်ထပ်မှုပြုလုပ်ပေးခဲ့တာကြောင့် ထောင်သွင်းအကျဉ်းချခံရတဲ့ စိန့်ဗယ်လင်တိုင်း အမည်ရသူတော်စင်တစ်ပါးနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။ သူဟာ အကျဉ်းချခံနေရစဉ်မှာ ထောင်မှူးရဲ့သမီးဖြစ်သူကို ဆေးကုသပေးခဲ့ပြီး သူကွပ်မျက်ခြင်းမခံရခင်အချိန်မှာ “သင့်ရဲ့ဗယ်လင်တိုင်း” (Your Valentine) လို့ လက်မှတ်ရေးထိုးထားတဲ့ နှုတ်ဆက်စာကို သူ(မ)အတွက် ရေးသားထားခဲ့ပါတယ်။

စိန့်ဗယ်လင်တိုင်းနေ့ဟာ အင်ဂလီကန်ဘုရားကျောင်းတော်နဲ့ လူသာရန်ဘုရားကျောင်းတော်တို့အတွက် တရားဝင်ပွဲတော်နေ့ရက်ဖြစ်ပြီး အရှေ့ပိုင်းအော်သိုဒေါ့ဘုရားကျောင်းတော်အများအပြားမှာလည်း စိန့်ဗယ်လင်တိုင်းနေ့ကို ကျင်းပကြတယ်လို့ ဆိုပါတယ်။

ဗယ်လင်တိုင်းနေ့မှာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ချစ်ခင်ရသူတွေထံ လက်ဆောင်ကတ်တွေ၊ လက်ဆောင်ပစ္စည်းတွေကို ပို့ကြလေ့ရှိပြီး ချစ်သူတွေအနေနဲ့ အတူတူသွားလာလည်ပတ်တာတွေ ပြုလုပ်ကြလေ့ရှိပါတယ်။

ချစ်သူများနေ့နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီလည်း ရှိနေပါတယ်။ ရောမဘုရင်တစ်ပါးရဲ့လက်ထက်မှာ စစ်ထွက်တဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစားနဲ့ ဇနီးမယားတွေကို တမ်းတအမှတ်ရတဲ့စိတ်တွေဖိစီးနေတာကြောင့် စစ်ပွဲတိုင်းမှာ ရှုံးနိမ့်နေခဲ့ကြပါတယ်။ ဒီအကြောင်းကို ဘုရင်ကြီးသိလာတဲ့အခါ ရောမမြို့မှာချစ်သူရည်းစား လုံးဝမထားဖို့ လက်ထပ်ထိမ်းမြှားပေးကြတဲ့ ဘုန်းတော်ကြီးတွေကိုလည်း ထိမ်းမြှားပေးတာ လုံးဝမပြုလုပ်ရလို့ တင်းကြပ်စွာအမိန့်ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ အရဲစွန့်တဲ့ချစ်သူနှစ်ဦးကတော့ သူတို့ရဲ့အချစ်တွေ ပိုမိုခိုင်မြဲစေရအောင် ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းဆီ သူတို့ကိုလက်ထပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းဟာ ချစ်သူတွေရဲ့ ဘဝချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူဖြစ်တဲ့အတွက် ဘုရင်ထုတ်ပြန်ထားတဲ့အမိန့်ကို ဂရုမပြုဘဲ လက်ထပ်ပေးလိုက်ပါတယ်။ ဒါကြောင့်ပဲ ဘုရင်က အမျက်ရှပြီး ဖေဖော်ဝါရီ (၁၄) ရက်မှာ ဘုန်းတော်ကြီးစိန့်ဗယ်လင်တိုင်းကို ကွပ်မျက်ပစ်လိုက်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးပေါင်းစပ်နိုင်ဖို့အတွက် သူ့အသက်ကိုစတေးပေးခဲ့သူ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗယ်လင်တိုင်းနေ့ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗယ်လင်တိုင်းယဉ်ကျေးမှုဟာ အင်္ဂလန်မှာ အရင်ဦးဆုံးပေါ်ထွန်းခဲ့တာဖြစ်ပီး (၁၉) ရာစုမှာ အင်္ဂလိပ်စကားပြောတဲ့ဒေသမှန်သမျှကို ပျံ့နှံ့ကူူးစက်သွားခဲ့ပါတယ်။ (၂ဝ) ရာစုနဲ့ (၂၁) ရာစတွေမှာတော့ ဒီဓလေ့ဟာ တခြားနိုင်ငံတွေကိုပါ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမဲ့ ဗယ်လင်တိုင်းနေ့ကို သတ်မှတ် ခေါ်ဆို ယူဆပုံတွေကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူညီကြဘဲ အနည်းငယ်ကွဲပြားနေကြပါတယ်။

ရိုးရာလေးစာဖတ်ပရိသတ်အပေါင်း သာယာကြည်နူးစရာ ချစ်သူများနေ့ (ဗယ်လင်တိုင်းနေ့) လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top