ဘာစီလိုနာနဲ့ပွဲမှာ ပင်နယ်တီ ၂ ကြိမ်ဆက်ဖမ်းပြီး စံချိန်တင်ခဲ့တဲ့ ဂိုးသမား

22-1-2021-yyl-35.jpg

မနေ့ညက ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာ စပိန်တတိယတန်းကလပ် ကော်နဲလ်လာရဲ့ ဂိုးသမားက ဘာစီလိုနာရရှိခဲ့တဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်ခဲ့ပါတယ်။ ဒါဟာ သူ့ကို ပွဲတစ်ပွဲအတွင်းမှာ ဘာစီလိုနာ ရဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် စံချိန်မှတ်တမ်းဝင်စေခဲ့ပါတယ်။

ကော်နဲလ်လာဟာ ဘာစီလိုနာကို မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျအောင် စွမ်းဆောင်ခဲ့ပေမယ့် အချိန်ပိုဆက်ကစားရာမှာတော့ (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၂၁ နှစ်အရွယ် ဂိုးသမားလေး ရာမွန်ဟွမ်ကတော့ ပယ်နယ်တီ ၂ လုံးအပါအဝင် ဘာစီလိုနာရဲ့ ဂိုးပေါက်တည့်ကန်ချက် ၁၀ ကြိမ်ကို အံ့အားသင့်ဖွယ်ကာကွယ်ခဲ့ပြီး သူရဲ့လက်စွမ်းကို ပရိသတ်တွေ သတိထားမိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ လက်စွမ်းနဲ့ပတ်သက်ပြီး ရာမွန်ဟွမ်က “ ကျွန်တော့်ဘဝမှာ တစ်ပွဲထဲ ပင်နယ်တီ ၂ လုံးမိအောင် ဖမ်းဖို့နေနေသာသာ ပင်နယ်တီ အဆုံးအဖြတ်ကန်ချိန်တွေမှာတောင် အခုလို မဖမ်းနိုင်ခဲ့ဖူးပါဘူး။ ဒီပွဲမကစားခင်မှာ ဂိုးနည်းပြနဲ့ ပင်နယ်တီအဆုံးအဖြတ်အတွက် လေ့ကျင့်ခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမားတွေရဲ့ပင်နယ်တီ ကန်သွင်းမှုကိုလည်း ကြိုတင်လေ့လာခဲ့ပါတယ်။ ပီယာနစ် ပင်နယ်တီ ကန်သွင်းပုံကို သေချာလေ့လာထားတော့ သူ့ရဲ့ပင်နယ်တီကို အမှားအယွင်းမရှိဖမ်းနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီရဲ့ ပင်နယ်တီ ကိုတော့ စိတ်ထဲကအလိုလိုသိစိတ်ကြောင့် ဖမ်းနိုင်ခဲ့တာပါ “ လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီပွဲမှာ ပင်နယ်တီ ၂ ကြိမ်မဝင်ခဲ့တာကြောင့် နောက်ဆုံးရရှိခဲ့တဲ့ ပင်နယ်တီ ၁၂ ကြိမ်မှာ ၅ ခါအထိ လွဲချော်ခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ရပါတယ်။ လွဲချော်ခဲ့တဲ့ ကစားသမားတွေကတော့ မက်ဆီ ၊ ဂရစ်ဇ်မန်း ၊ ဘရေ့ဝှိုက်၊ ပီယာနစ် ၊ ဒမ်ဘီလီ စတဲ့ စီနီယာ ကစားတွေပဲဖြစ်ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top