ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်မယ့်အသင်းကို ရွန်းနီ ခန့်မှန်းပြောကြား

22-1-2021-yyl-32.jpg

ချန်ပီယံရှစ်ကလပ် ဒါဘီ နည်းပြ ဝိန်းရွန်းနီ ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်မယ့်အသင်းကို ခန့်မှန်းပြောကြားလိုက်ပါတယ်။ မန်ယူ ဂန္တဝင်ကစားသမားဟောင်း ရွန်းနီ က သူ့ရဲ့အသင်းဟောင်း မန်ယူ ဟာ ၈ နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံဆုကို ဒီနှစ်မှာပြန်လည်ရယူနိုင်လိမ့်မယ်လို့ ပြောခဲ့တာပါ။

ဒါဘီ ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းကို ရွန်းနီ က “ လွန်ခဲ့တဲ့ နှစ်အနည်းက မန်ယူ ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် ဆုဖလားတွေရယူဖို့ အမြဲဆန္ဒပြင်းပြနေတဲ့ ဘရူနို နဲ့ ကာဗာနီ တို့လို ကစားသမားတွေကို ခေါ်ခဲ့ပြီးတဲ့နောက်မှာ အသင်းဟာ အများကြီးပြောင်းလဲသွားခဲ့ပါပြီ။ အခုလက်ရှိ အသင်းဟာ ချန်ပီယံဆုကို ရယူဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၁ လကျော်လောက်က မန်ယူ နည်းပြ အဖွဲ့ဝင်တွေနဲ့တွေ့ခဲ့တုန်းက သူတို့ ဖလားရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီနေ့အထိလည်း မန်ယူ ချန်ပီယံဖြစ်မယ်လို့ ထင်နေတုန်းပါဘဲ “ လို့ အခုလို ဖြေကြားခဲ့ပါတယ်။

မန်ယူ အတွက် အရေးပါတဲ့သွင်းဂိုးတွေ ဆက်တိုက်သွင်းပေးနေတဲ့ ကွင်းလယ်လူ ပေါ့ဘာ နဲ့ ပက်သက်ပြီးတော့လည်း ရွန်းနီ က “ မန်ယူ ချန်ပီယံဖြစ်ဖို့ ပေါ့ဘာ ရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါ ပါတယ်။ နိုင်ပွဲဆာလောင်တဲ့ ကစားသမားသစ်တွေကြောင့် သူ့အပေါ်မှာသက်ရောက်နေတဲ့ ဖိအားတွေ အနည်းနဲ့အများ လျော့သွားပါတယ်။ ဒါကြောင့်မို့ အခု သူ့ရဲ့ တကယ့်အရည်အသွေး အစစ်ကို ပြသနိုင်နေပါပြီ “ လို့ ပြောခဲ့ပါတယ်။

ရွန်းနီ ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်ယူနဲ့အတူ ၅ ကြိမ်ထိရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ မန်ယူ ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သွင်းဂိုးပေါင်း ၂၅၃ ဂိုး နဲ့ စံချိန်တင်ထားသူလည်းဖြစ်ပါတယ်။ ရွန်းနီ ဟာ ဒီနှစ်အစောပိုင်းမှာ ကစားသမားဘဝက အနားယူခဲ့ပြီး ဒါဘီ နည်းပြအဖြစ် နည်းပြလောကထဲကို စတင်ခြေချခဲ့ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top