တီမိုဝါနာကို ဥရောပအကောင်းဆုံး တိုက်စစ်မှူးဖြစ်လာအောင် ဘယ်လိုသုံးရမလဲဆိုတာ ဆရာဟောင်း ထုတ်ပြော

19-1-2021-yyl-24.jpg

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို သူအားသန်တဲ့ နေရာမှာသာ ကစားခိုင်းမယ်ဆိုရင် ဥရောပအကောင်းဆုံးတိုက်စစ်မှူးတယောက် ကျိန်းသေပေါက် ဖြစ်လာလိမ့်မယ်လို့ ဝါနာ ရဲ့ ဆရာဟောင်းဖြစ်သူ ဆောက်သမ်တန်နည်းပြ ဟတ်စ်ဆန်ဟူတဲလ်က ပြောကြားလိုက်ပါတယ်။
လစ်ဇစ်အသင်းကို ဟတ်စ်ဆန်ဟူတဲလ် နည်းပြခဲ့တုန်းက တီမိုဝါနာကို စတုဂတ်အသင်းကနေ ခေါ်ယူခဲ့ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်အောင် သင်ပြပေးနိုင်ခဲ့ပါတယ်။

တီမိုဝါနာဟာ ဟတ်စ်ဆန်ဟူတဲလ်လက်အောက်မှာ ၂ ရာသီအတွင်း ၇၇ ပွဲကစားပြီး ၄၂ ဂိုး သွင်းယူပေးနိုင်ခဲ့လို့ ဥရောပ ဘောလုံးစင်မြင့်ထက်မှာ ထင်ရှားလာခဲ့သူဖြစ်ပါတယ်။
ဒါကြောင့်မို့ တီမိုဝါနာရဲ့ အကြောင်းကို သိတဲ့ ဟတ်စ်ဆန်ဟူတဲလ်က ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ တီမိုဝါနာနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောသွားခဲ့ပါတယ်။

” တီမိုဝါနာအကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ပွဲတိုင်းနီးပါး သူနဲ့ အဆင်မပြေတဲ့ နေရာမှာ ကစားနေရတာကြောင့် သူခြေစွမ်းပြဖို့ ရုန်းကန်နေရတာပါ။ ကျွန်တော့်အထင်တော့ သူအကောင်းဆုံးကစားနိုင်လောက်တဲ့ ကစားကွက်အခင်းအကျင်းကို ချဲလ်ဆီးအသင်းက အသုံးပြုခြင်းမရှိပါဘူး။ လစ်ဇစ်မှာတုန်းကတော့ ကျွန်တော်က သူ့ရဲ့ အရည်အသွေးကို အဓိကအာရုံစိုက်ပြီး ကစားစေတာကြောင့် သူအနေနဲ့ ဂိုးတွေအများကြီးသွင်းပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို လိုချင်ရင်တော့ သူအားသန်တဲ့ နေရာမှန်မှာ ကစားခိုင်းဖို့တော့ လိုအပ်ပါတယ် ၊ သူက ကျွန်တော့်အတွက်တော့ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တဦးဖြစ်ပါတယ် ” လို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ လစ်ဇစ်ကနေ ပေါင် ၄၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တီမိုဝါနာဟာ ဒီရာသီ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားထားခဲ့ပေမယ့် ၈ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top