သင်လုံးဝမသိထားသေးတဲ့ လင်းနို့များ အကြောင်း နှင့် ရောဂါပိုးမွှား

၁.png

တရုတ်ပြည် တစ်ဝှမ်းတွင် ဆန်းသစ်သော ကိုရိုနာဗိုင်းရပ်(စ်) ဖြစ်ပွားနေခြင်း၏ အဓိက အကြောင်းတရားမှာ လင်းနို့များမှ ကူးဆက်သော ဗိုင်းရပ်(စ်) ဖြစ်သည်ဟု ယူဆရသည်။ လင်းနို့များ အကြောင်းကို များသောအားဖြင့် မှောင်မိုက်ခြင်း၊ အကျည်းတန်ခြင်း နှင့် သွေးစုပ်ဖုတ်ကောင်များ အနေဖြင့် လူမှုကွန်ရက်များတွင် အသုံးပြုဖော်ပြခြင်း မှအပ ထဲထဲဝင်ဝင် မသိခဲ့ပေ။

လင်းနို့များသည် သဘာဝတရားအရကိုပင် သူတို့၏ ခန္တာကိုယ်ပေါ်၊ ခန္တာကိုယ်အတွင်း နှင် သူတို့နေထိုင်ရာ အမှောင်ပတ်ဝန်းကျင်တွင် ရောဂါပိုးများ ပျော်စံပေါက်ဖွားတတ်သော သတ္တဝါများဖြစ်သည်။ လင်းနို့များတွင် Nipah၊ Hendra၊ Ebola၊ SARS (Severe Acute Respiratory Syndrome) များ စုစည်းသိုမှီးနေတတ်သည်။ ထို့ကြောင့် လင်းနို့များသည် အခြားသတ္တဝါများအားလုံးထက် သေစေနိုင်သော ရောဂါပိုးများ သယ်ဆောင်ဖြန့်ဖြူးကြသည်။

ဒီလောက်ပြင်းထန်တဲ့ ပိုးမွှားတွေကို လင်းနို့တွေ ဘယ်လိုသယ်ဆောင်ကြသလဲ၊ ဘယ်လိုပျံ့နှံ့စေသလဲ၊ သူတို့ကရော ရောဂါပိုးမကူးအောင် ဘယ်လို ကာကွယ်ကြသလဲ အစရှိသည့် မေးခွန်းတွေ များစွာရှိလာသည်။

ဆက်လက်လေ့လာကြည့်ရအောင်…

၁။ တစ်ခုတည်းသော ပျံနိုင်သည့် နို့တိုက်သတ္တဝါ အမျိုးအစားဖြစ်ခြင်း

လင်းနို့များသည် နို့တိုက်သတ္တဝါများထဲတွင် အစဉ်မပြတ် ပျံနိုင်သည့် တစ်ခုတည်းသော နို့တိုက်သတ္တဝါ အမျိုးအစားဖြစ်သည်။ ပျံသန်းနေစဉ်တွင် သူတို့၏ နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁,၀၀၀ ချက် ခုန်နှုန်းရှိသည်။ မက္ကဆီကန် Free-talied bat ဟုခေါ်သည့် လင်းနို့အမျိုးအစားသည် ကမ္ဘာပေါ်တွင် အမြန်ဆုံး တရိစ္ဆာန်များဖြစ်သည်။ Free-talied bat များသည် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင်သည်။ လင်းနို့များ ပျံသန်းနိုင်ခြင်းသည်လည်း ရောဂါပိုး ဖြန့်ဖြူးနိုင်ခြင်း၏ အကြောင်းတစ်ခုဖြစ်သည်။

၂။ အကောင်သေးသော်လည်း အသက်ရှည်ကြခြင်း

လင်းနို့များ၏ သက်တမ်းသည် အမျိုးအစားပေါ်မူတည်၍ ကွဲပြားသည်။ Brown bat ဟုခေါ်သည့် အမျိုးအစားသည် သက်တမ်း ၃၀ အထိနေနိုင်ပြီး အချို့မျိုးစိတ်များသည် သက်တမ်း ၃၀ အထိနေနိုင်သည်။ လင်းနိုးများကဲ့သို့ အခြားသေးငယ်သည့် နို့တိုက်သတ္တဝါဖြစ်သည့် ကြွက်များဆိုလျှင် သက်တမ်းအရ နှစ်နှစ် သာရှိသည်။ သက်တမ်းရှည်လွန်းခြင်းသည် လင်းနို့များ အချိန်ကြာကြာ ပိုပျံသန်းခွင့်ရကြပြီး ပိုးများပို ဖြန့်ဖြူးနိုင်ခြင်းဖြစ်စေသည်။

၃။ အုပ်စုအဖွဲ့လိုက်နေတတ်ကြခြင်း

လင်းနို့များသည် မိတ်ဆွေခင်တတ်သော သတ္တဝါများဖြစ်ကြသည်။ သူတို့သည် အခြား မျိုးစိတ်မတူသော လင်းနို့များ နှင့်ပင် အိပ်တန်းတူတူ ဝင်တတ်ကြလေ့ရှိသည်။ အချို့မျိုးစိတ်များသည် တစ်နေရာတည်းတွင် အုပ်စုဖွဲ့ ကြီးထွားနေထိုင်ကြသည်။ USA Texas တွင် ရှိသည့် the Bracken Bat Cave တွင် လင်းနို့များ သန်းချီ၍ နေထိုင်ကြသည်။ ထိုကဲ့သို့ မျိုးစိတ်မတူသော လင်းနို့များ အိပ်တန်းအတူတူ တက်ရာတွင် ရောဂါပိုးမွှားပျံ့ခြင်းသည် တစ်ကောင်ခြင်းအတိုင်းအတာဖြင့်ရော မျိုးစိတ်ကွဲ အတိုင်းအတာဖြင့်ရော ပို၍ လျှင်မြန်စေသည်။

၄။ ကိုယ်တိုင်ကုစားနိုင်သည့် လုပ်နိုင်စွမ်းရှိခြင်း

ဒီလောက်များပြားသည့် ရောဂါပိုးများ ရှိနေသော်လည်း လင်းနို့များအပေါ်တွင် ဘေးဒုက္ခမဖြစ်ခြင်း၏ အကြောင်းအရင်းမှာ သူတို့၏ မျိုးရိုးဗီဇ အတွင်းတွင်သာ အဖြေရှိသည်။ လင်းနို့များတွင် အလွန်မြန်လွန်းသည့် နှလုံးခုန်နှုန်းရှိသည်။ သူတို့ ပျံသန်းနေစဉ်တွင် တစ်မိနစ်လျှင် ၁,၀၀၀ ခန့် နှလုံးခုန်နှုန်းရှိသည်။ နို့တိုက်သတ္တဝါများ ယင်းကဲ့သို့ ပျံသန်းစဉ် ကြီးမားသော စွမ်းအင်ထုတ်လုပ်ချိန်တွင် DNA ကို ဖျက်ဆီး နိုင်သည့် များပြားသော ပမာဏရှိသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ထုတ်လွှတ်သည်။ နှစ်ထောင်ပေါင်းများစွာ မျိုးရိုးဗီဇ ဖြစ်စဉ် ပြောင်းလဲတိုးတက်မှုကြောင့် လင်းနို့များတွင် DNA ကို ဖျက်ဆီးပေးပြီး ရောဂါပိုးများကို ကာကွယ်နိုင်သည့် super power ကိုထုတ်ပေးသည်။

ယင်းကဲ့သို့ အားကောင်းသော immune system ကိုယ်ခံစွမ်းအားရှိသည့် လင်းနို့များတွင် အသက်ရှင်နေထိုင်နိုင်သော ရောဂါပိုး များသည် လင်းနို့များထက် ကိုယ်ခံစွမ်းအားရ နည်းသည့် လူသားများအတွက်တော့ သေစေနိုင်သည့် ကပ်ဆိုးတစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် သတ္တဝါများ အားလုံးသည် လူသားများ စားသုံးရန် မဆိုနှင့် အနီးကပ် ကျင်လည်ရန် မရည်ရွယ်ပေ။ သဘာဝ ဂေဟစနစ် ထာဝရရှင်သန်ရန် ပိုးမွှားများ၊ အဆိပ်ရှိသည့် သက်ရှိ အပင် တရိစ္ဆာန်များ သည်လည်း တစ်ဒေါင့် တစ်နေရာက အရေးပါသည်။ လူသားများ၊ အချို့ တရိစ္ဆာန်များ နှင့် အနီးကပ်ရှိနေလျှင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပိုးမွှား၊ သက်ရှိ တရိစ္ဆာန်များ၊ အပင်များသည် လူသားများနှင့် ဝေးရာ ဂေဟစနစ်အတွင်းတွင် သဘာဝအတိုင်းသာ တည်ရှိနေသင့်သည်။ ဂေဟစနစ်ကို လေးစားခြင်း စည်းကမ်းထားရှိခြင်းဖြင့် သဘာဝအတွက်ရော လူသားများအတွက်ပါ ရေရှည် ကောင်းကျိုးဖြစ်တည် မည်ဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top