ဇန်နဝါရီလကုန်မှာပြုလုပ်ဖို့စီစဉ်ထားခဲ့တဲ့ ဂရမ်မီဆုပေးပွဲကို မတ်လထိ ရွှေ့ဆိုင်း

6-1-2021-yyl06.jpg

၂၀၂၁ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲ (Grammy Awards) ပြုလုပ်မယ့်ရက်ကို ကိုရိုဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ပါပြီ။ အစကတော့ ဂီတနယ်ပယ်ရဲ့အကြီးမားဆုံးဆုပေးပွဲတွေထဲက တစ်ခုဖြစ်တဲ့ ဒီဆုပေးပွဲကို ဇန်နဝါရီ၃၁ရက်နေ့မှာ ပြုလုပ်ဖို့ စဉ်းစားထားခဲ့တာပါ။ အခုတော့ ဆုပေးပွဲထုတ်လွှင့်ပြသမယ့်နေရာဖြစ်တဲ့ လော့စ်အိန်ဂျယ်လိစ်မြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့မှာ ကိုဗစ်ကူးစက်ခံရမှုအရေအတွက်များလာတဲ့အတွက်ကြောင့် ဒီဆုပေးပွဲကို မတ်လ ၁၄ ရက်နေ့ထိ ရွှေ့ဆိုင်းထားလိုက်ပါပြီ။

“ကျွန်တော်တို့ ကျန်းမာကျွမ်းကျင်ပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာ ဆုပေးပွဲထုတ်လွှင့်ဖို့ကို မတ်လ ၁၄ ရက်သို့ အချိန်ရွှေ့နေပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့က ကိုဗစ်အခြေအနေက ဆိုးရွားနေပါတယ်။ ဆေးရုံမှာလည်း လူနာတွေပြည့်နေပြီး အထူးကြပ်မတ်ခန်းတွေကလည်း သတ်မှတ်ထားတဲ့ ပမာဏထိရောက်နေပါတယ်။ အစိုးရရဲ့လမ်းညွှန်ချက်အသစ်တွေကြောင့်လည်း ကျွန်တော်တို့ရဲ့ဆုပေးပွဲကို ရွှေ့ဆိုင်းရတာက လုပ်ကိုလုပ်ရမယ့်အရာပါပဲ။ ကျွန်တော်တို့ဂီတအသိုင်းအဝိုင်းက လူတွေနဲ့ ဆုပေးပွဲပြုလုပ်ပေးဖို့ ပင်ပန်းကြီးစွာအလုပ်လုပ်ပေးတဲ့ လူရာပေါင်းများစွာရဲ့ကျန်းမာရေးနဲ့လုံခြုံဘေးကင်းရေးလောက် ပိုပြီး အရေးကြီးမရှိပါဘူး” လို့ Recording Academy ထုတ်ပြန်ခဲ့ပါတယ်။

ဆုပေးပွဲကို စီစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဖို့စီစဉ်ထားတဲ့ ဟာသပညာရှင် Trevor Noah က အခုနှစ်ဆုပေးပွဲမှာ ပါဝင်ဦးမှာလားဆိုတော့ မသိရသေးပါဘူး။ ဆုပေးပွဲရဲ့အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ထားတာမရှိပေမဲ့လည်း အရင်တော့ အခုနှစ်ဆုပေးပွဲကို အစီအစဉ်တင်ဆက်သူတွေနဲ့ ဖျော်ဖြေတင်ဆက်မယ့်အနုပညာရှင်တွေပဲ တက်ရောက်ရမှာဖြစ်ပြီး ပွဲကြည့်ပရိသတ်တွေကတော့ အွန်လိုင်းကနေကြည့်ရှုရမယ်လို့ ထုတ်ပြောခဲ့တာပါ။ အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံတွေက ကပ်ရောဂါဖြစ်ပွားကတည်းက အဓိကဆုပေးပွဲတော်တော်များများကို အွန်လိုင်းကနေတဆင့် ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

ဂရမ်မီဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းဝင်တွေကို နိုဝင်ဘာလက ကြေညာပေးခဲ့ပြီး ဘီယွန်းစေး (Beyoncé) က ဆု (၉) ဆုအတွက်ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ သူကတော့ ဂရမ်မီသမိုင်းမှာ ဆန်ကာတင်စာရင်းအဝင်ဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။ တေလာဆွစ်နဲ့ ဒူအာလီပါတို့ကတော့ ဆန်ကာတင်စာရင်းရဲ့ဆု(၆) ဆုမှာ ပါဝင်နေပါတယ်။

Ref: BBC “Grammy Awards postponed until March”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top