မြေးလေး ဆေးဖိုးရဖို့ beauty blogger လုပ်နေတဲ့ ၇၂ နှစ်အရွယ် အဘိုးအို

12.5.2023-yyl-7.jpg

မြေးလေး ဆေးဖိုးရဖို့ အရွယ်နဲ့မလိုက်တဲ့ အလုပ်မျိုး လုပ်နေရသူ အဘိုးအိုကို တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေက ကရုဏာသက်ခဲ့ကြပါတယ်။ အသက် ၇၂ နှစ်ရှိတဲ့ ကျူးယွမ်ချန်းဟာ မိတ်ကပ်၊ နှုတ်ခမ်းနီ အစရှိတဲ့ အလှကုန်ပစ္စည်းတွေ စမ်းသပ်သုံးစွဲပြရတဲ့ beauty blogger လုပ်နေသူပါ။ ဒီအလုပ်ဟာ ကျူးယွမ်ချန်းရဲ့ နေထိုင်မှုစရိုက်နဲ့ ကိုက်ညီတဲ့ အလုပ်မျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မြေးလေးကို အသက်ကယ်ဖို့ ကျူးယွမ်ချန်းက ဒီအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၆ နှစ်မှာ ကျူးယွမ်ချန်းရဲ့ မြေးလေး ရှောင်ကျင်းယန်ဟာ ကျောရိုးကြွက်သားကျုံလှီတဲ့ ရှားပါးရောဂါ(SMAs) ခံစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ရှောင်ကျင်းယန်က ၅ နှစ်သားအရွယ်ပဲ ရှိသေးပြီး ၁၈ လလောက်ပဲ အသက်ဆက်ရှင်မယ်လို့ ဆရာဝန်တွေက ခန့်မှန်းခဲ့ကြပါတယ်။ သူ့ကို ကုသနိုင်မယ့် တစ်ခုတည်းသော ဆေးဝါးဟာ အမေရိကန်ကပဲ မှာလို့ရပြီး ဆေးဖိုးက ဒေါ်လာ ၁ သိန်းလောက် ကျပါတယ်။

ရှောင်ကျန်းယန်ကို ကယ်တင်နိုင်ဖို့ မိသားစုက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး သူတို့အိမ်ကို ရောင်းပစ်ခဲ့ပါတယ်။ ပြီးတော့ ပိုက်ဆံရသလောက် ချေးငှားပါတယ်။ ကျူးယွမ်ချန်းကလည်း သူ့မြေးအတွက် ပိုက်ဆံရှာနိုင်မယ့်နည်းတွေ စဉ်းစားရင်း အရင်းအနှီး နည်းပြီး ဝင်ငွေကောင်းတဲ့ beauty blogger အလုပ်ကို မျက်စိကျခဲ့တာပါ။

ကျူးယွမ်ချန်းဟာ အလှကုန်ပစ္စည်းတွေအကြောင်း မသိပေမဲ့ ရှက်ရွံ့နေတာ၊ ကြောက်လန့်နေတာမျိုးတော့ မရှိခဲ့ပါဘူး။ သူက မိတ်ကပ်ကုမ္ပဏီတွေကို ဆက်သွယ်ပြီး သူ့ကို နမူနာစမ်းသုံးခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျူးယွမ်ချန်းက လက်မလျှော့ခဲ့ပါဘူး။ အလှကုန်ပစ္စည်း အရောင်းဆိုင်ကိုသွားပြီး သူ့ကို မိတ်ကပ်၊ နှုတ်ခမ်းနီ အသုံးပြုပုံတွေ၊ လိမ်းပုံ၊ လိမ်းနည်းတွေ ပြပေးဖို့ ဝန်ထမ်းတွေကို အကူအညီတောင်းခဲ့တာပါ။

အွန်လိုင်းကနေ Live လွှင့်ခဲ့ပြီးနောက်မှာတော့ ကျူးယွမ်ချန်းက တစ်စထက်တစ်စ လူသိများလာခဲ့ပြီး ဝင်ငွေလည်း ကောင်းလာခဲ့ပါတယ်။ သက်ကြီးရွယ်အို ဖခင်ကြီးကို ဘန်းပြပြီး ကျူးယွမ်ချန်းရဲ့ သမီး လုပ်စားနေတာဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကျူးယွမ်ချန်းရဲ့ ဖော်လိုဝါ ကျသွားခဲ့ပေမဲ့ သူကတော့ သူ့အလုပ်သူ ဆက်လုပ်ခဲ့ပါတယ်။

အခုချိန်မှာတော့ ရှောင်ကျင်းယန်ရဲ့ ဆေးဝါးတချို့ကို တရုတ်နိုင်ငံမှာတင် ဝယ်ယူရရှိနေပြီဖြစ်လို့ သူတို့မိသားစုလည်း ငွေရေးကြေးရေး အနည်းငယ်ချောင်လည်လာခဲ့ပါပြီ။ ” ကျွန်တော့်မြေးလေးသာ တခြားကလေးတွေလို လမ်းလျှောက်နိုင်ပြီဆိုရင်တော့ ကျွန်တော် အသေဖြောင့်ပါပြီ” လို့ ကျူးယွမ်ချန်းက ဆိုပါတယ်။ ဒါဟာ မြေးတစ်ယောက်အတွက် အဘိုးရဲ့ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုပါပဲ။

Ref: Grandfather Becomes Makeup Beauty Blogger to Save Young Boy’s Life

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top