ထိုင်းနိုင်ငံဘက်ကို ပြန်သွားခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တစ်သိန်းနီးပါးရှိတယ်လို့ ဆို

21-12-2020-yyl02.jpg

ထိုင်းနိုင်ငံဘက်ကို ပြန်လာခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀,၀၀၀ နီးပါးရှိတယ်လို့ ရွှေ့ပြောင်းလုပ်သားအဖွဲ့ (Migrant Working Group)ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး အက်ဒီဆွန်းက ပြောပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာရွှေ့ပြောင်းလုပ်သားနေ့ အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။
ချင်းရိုင်မြို့မှာ ရွှေ့ပြောင်းလုပ်သား ၂၄၀၀၀ (ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အထောက်အထားမဲ့ လုပ်သားတွေ မပါ) ရှိတယ်လို့ မဲဖလောင်တက္ကသိုလ်ရဲ့ ဒေသအလိုက် လူမှုဖွံ့ဖြိုးရေးသုတေသနစင်တာမှ ပညာရှင် ဆူဘာခွန်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေချိန်မှာ အိမ်ပြန်သွားကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ပြန်လာခွင့်မပေးသေးတဲ့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေက နယ်စပ်ကနေ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားလာကြတာလို့ အက်ဒီဆွန်းက ပြောပါတယ်။ ကပ်ရောဂါက ပြင်းထန်လွန်းတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေ အလုပ်အကိုင် ရှာမရဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံနယ်စပ်ကနေ တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးဖို့ ထိုင်းစစ်တပ်က နယ်စပ်စောင့်ကြည့်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပေမဲ့ အခြေအနေက စိုးရိမ်စရာရှိတယ်လို့ သူက ဆိုပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတာမျိုး အဖြစ်ခံမယ့်အစား ရွှေ့ပြောင်းလုပ်သားတွေကို စနစ်တကျ ပြန်လည်လက်ခံပေးဖို့ အက်ဒီဆွန်းက ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

ချင်းရိုင်ရဲ့ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရွှေ့ပြောင်းလုပ်သားတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ဆူဘာခွန်းက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီး၊ ထိန်းချုပ်ရေး စည်းမျဉ်းတွေကြောင့် နယ်စပ်ဖြတ်ကျော်ဖို့ အခက်တွေ့နေပြီး နယ်စပ်မှာ ပိတ်မိနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားရှိတဲ့ ဆမတ်ဆခွန်မြို့မှာ မကြာသေးခင်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ မြင့်တက်လာခဲ့ပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်းနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်က သင့်တင့်ကောင်းမွန်တယ်၊ အရေးကြီးတာက ရောဂါကူးစက်ပြန့်ပွားမှု ဇစ်မြစ်ကို ရှာဖွေဖို့ဖြစ်တယ်လို့ အက်ဒီဆွန်းက ပြောပါတယ်။ ပင်လယ်စာလုပ်ငန်းကြောင့် နာမည်ကျော်ကြားတဲ့ ဆမတ်ဆခွန်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေတဲ့အတွက် ပင်လယ်စာလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ သူက ပြောပါတယ်။

Photo – Pattaya Mail
Ref: Bangkok Post ” 100,000 migrants waiting to re-enter”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top