COVID 19 ကူးစက်ခံရသလိုခံစားခဲ့ရတယ်ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂရီတာ သွန်းဘာ့

25-3-2020-yyl-011.jpg

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အသက်(၁၇) နှစ်အရွယ် ဂရီတာ သွန်းဘာ့ဟာ သူနဲ့ သူ့ဖခင်တို့ COVID 19 ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဖွင့်ပြောပြခဲ့ပါတယ်။ သူက ဥရောပအလယ်ပိုင်းကနေ ပြန်ရောက်ပြီးတဲ့နောက်မှာ ဗိုင်းရပ်စ်ရှိနေသလိုခံစားရတဲ့ လက္ခဏာရပ်တွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

သူက ဆွီဒင်ကို မပြန်ခင်မှာ သူ့ဖခင်နဲ့အတူ ဥရောပအလယ်ပိုင်းတစ်ဝိုက်ကို အလည်အပတ်ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ ဆွီဒင်ကို ပြန်လာပြီးနောက်မှာ သူ့ရဲ့မိသားစုတွေနဲ့ဝေးရာမှာ နေဖို့ တိုက်ခန်းတစ်ခုကို ငှားရမ်းခဲ့ပြီး သူ့ဖခင်နဲ့အတူ သီးခြားနေထိုင်ခဲ့ကြပါတယ်။ “ကျွန်မ ပင်ပန်းသလို ခံစားခဲ့ရပါတယ်။ လည်ချောင်းနာပြီး ချောင်းဆိုးခဲ့ပါတယ်။ကျွန်မရဲ့အဖေလည်း ဒီလက္ခဏာရပ်တွေကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ဖျားနာတာတော့မရှိခဲ့ပါဘူး” လို့ သူက ရေးသားထားပါတယ်။ ဒါပေမဲ့ ဆွီဒင်နိုင်ငံက သံသယရှိလူနာတွေနဲ့ ရောဂါထိန်းချုပ်ဖို့အတွက် အာရုံစိုက်နေရတဲ့အတွက် သူတို့က COVID 19 အတွက် စမ်းသပ်စစ်ဆေးမှုတွေမလုပ်ခဲ့ဖူးလို့ ဆိုပါတယ်။

နေမကောင်းဖြစ်နေတဲ့လူတိုင်းကို အိမ်မှာနေဖို့နဲ့ ရောဂါမရှိသေးတဲ့လူတွေရဲ့ခပ်ဝေးဝေးမှာ နေဖို့ ပြောချင်ပါတယ်။ အခြားသူတွေကို ကူးမှာဆိုးတဲ့အတွက် COVID 19 ကို စစ်ဆေးမခံခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိအအေနေနဲ့ လက္ခဏာရပ်တွေအရဆိုရင် ကျွန်မမှာ အဲဒီဗိုင်းရပ်စ်ရှိတယ်လို့ ခံစားရပါတယ်” လို့ ဂရီတာ သွန်းဘာ့ပြောပါတယ်။ သူ နေမကောင်းတော့သလို မခံစားရတော့တဲ့အတွက် ပြန်လည်ကောင်းမွန်လာနေပါပြီလို့ မျှဝေထားပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာအသေးအမွှားတွေက ငယ်ရွယ်တဲ့လူတွေမှာ အဖြစ်များတဲ့အတွက် ဗိုင်းရပ်စ်အန္တရာယ်ကို အလေးထားဂရုစိုက်ဖို့လည်း ပြောထားပါတယ်။

“လူငယ်တွေက ရောဂါလက္ခဏာရပ်တွေကို လွယ်လွယ်နဲ့ သတိမပြုမိကြပါဘူး။ အဲဒီလို သတိမပြုမိတဲ့အတွက် သူတို့မှာ ဗိုင်းရပ်စ်ရှိတာကို မသိကြပါဘူး။ အဲဒါကနေ အခြားသူတွေကို ကူးစက်ခံရနိုင်ပါတယ်” လို့ သူက ရေးသားထားပါတယ်။ ဗိုင်းရပ်စ် ဆက်လက်မပျံ့ပွားဖို့အတွက် လူငယ်တွေကို အိမ်မှာနေဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေလုပ်ဖို့ ပြောထားပါသေးတယ်။ “အခြားသူတွေဆီ ဗိုင်းရပ်စ်မသယ်ဆောင်လာဖို့အတွက် ကျွန်မတို့မှာ အရမ်းတာဝန်ကြီးပါတယ်။ ကျွန်မတို့ လုပ်ရပ်တွေက အခြားသူတွေအတွက် သေခြင်းတရားနဲ့ ဘဝကြားက ကွာခြားမှုတွေ ဖြစ်လာနိုင်ပါတယ်” လို့ ဂရီတာ သွန်းဘာ့က ဆိုထားပါတယ်။

Ref: Greta Thunberg says she most likely had Covid-19, but has since recovered

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top