သံဖြူဇရပ်မှ သေမင်းတံမန် မီးရထားလမ်းသို့ အလည်တစ်ခေါက်

12644824_1075236025860925_57980801676212408_n.jpg

ခရီးသွားရတာ ဝါသနာပါသူ တစ်ယောက် အနေဖြင့် ရုံးပိတ်ရက် အတွင်း မော်လမြိုင်သို့ နေ့ချင်းပြန် ခရီး ထွက်ဖြစ်ခဲ့ပါတယ်။ သံဖြူဇရပ် အရောက်တွင် ကားလမ်းမကြီးနှင့် အပြိုင် အသုံးမပြုတော့တာ ကြာပြီဖြစ်သော မီးရထားလမ်း တစ်ခုကို ရောက်ရှိ လေ့လာခဲ့ရပါတယ်။ ထို မီးရထားလမ်းရဲ့ အမည်ကတော့…

ယိုးဒယား-မြန်မာ မီးရထားလမ်း (သို့) သေမင်းတံမန် မီးရထားလမ်း ကို ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တို့၏ ဦးဆောင်မှုဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မှ ၆၉မိုင်၊ ယိုးဒယား ဘန်ပေါင်ဘက်မှ ၁၈၉မိုင် စုစုပေါင်း ၂၅၈မိုင် ရှည်လျားပြီး ယိုးဒယား-မြန်မာ နယ်စပ် ဘုရားသုံးဆူမှာ ဆုံပါတယ်။ ၁၉၄၂ ခုနှစ် စက်တာဘာလ တွင် စတင်ခဲ့ပြီး ၁၉၄၃ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့ပြီး ကြာမြင့်ချိန်မှာ ၁နှစ်နဲ့ သုံးလ ဖြစ်ပါတယ်။ ဂျပန်တို့ စစ်ရှုံးပြီးနောက် ၁၉၄၇ခုနှစ်တွင် မီးရထားလမ်းကို ပိတ်ထားခဲ့ပြီး ၁၀နှစ်အကြာ ၁၉၅၇ခုနှစ်တွင် ယိုးဒယားရှိ Nong Pla Duk နဲ့ Nam Tok ကြား လမ်းပိုင်းကို ပြန်လည် အသုံးပြုခဲ့ပါတယ်။

အရှေ့တောင်အာရှမှ အရပ်သား အလုပ်သမား ၁၈၀,၀၀၀၊ စစ် အကျဉ်းသား ၆၁,၈၁၁၊ ဂျပန် လူမျိုး ၁၂,၀၀၀၊ ကိုရီးယား လူမျိုး ၈၀၀ ပါဝင် ဆောက်လုပ်ခဲ့ကြပါတယ်။ ဂျပန်နှင့် ကိုးရီးယားများမှာ အင်ဂျင်နီယာ၊ အစောင့်၊ အလုပ်သမားများ အပေါ် ကြီးကြပ်သူ များအနေဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျပန်နှင့် ကိုးရီးယား လူမျိုး ၈%၊ စစ် အကျဉ်းသား ၁၂,၆၂၁ (၂၀%)၊ အရပ်သား အလုပ်သမား ၅၀% ကျော် မီးရထားလမ်း ဖောက်လုပ်စဉ် အတွင်း သေဆုံးခဲ့ပါတယ်။ အရပ်သား အလုပ်သမားများတွင် မြန်မာလူမျိုး အနည်းဆုံး ၉၀,၀၀၀၊ မလေးလူမျိုး ၇၅,၀၀၀ ဖြစ်ပြီး ကျန် အလုပ်သမားများမှာ အင်ဒိုနီးရှား၊ စင်္ကာပူ၊ တရုတ်၊ တမီး၊ ကယန်းတို့ ဖြစ်ကြပါတယ်။ အရပ်သား အလုပ်သမား စာရင်းမှာ အတိအကျ မရှိသဖြင့် ၁၈၀,၀၀၀ မကဘဲ ၃၀၀,၀၀၀ ထိဖြစ်နိုင်ကြောင်း သုတေသီတို့က ဆိုပါတယ်။

မြန်မာ လူမျိုးများသာမက အရှေ့တောင် အာရှမှ အလုပ်သမားများ ပါဝင်ရခြင်းမှာ ၁၉၄၃နှစ် အစပိုင်းများတွင် ဂျပန်တို့မှ လစာ ကောင်းကောင်း၊ သက်တမ်းတို အလုပ်သမား စာချုပ်၊ အိမ်ယာ နေရာ ကမ်းလှမ်းမှုတို့ လုပ်ခဲ့သဖြင့် စိတ်ဝင်တစား လာရောက် လုပ်ကိုင်ကြခြင်း ဖြစ်ပါတယ်။ မလေး လူမျိုးတို့မှာ မိမိတို့၏ ဇနီးနှင့် သားသမီးများကိုပါ တပါတည်း ခေါ်ဆောင်လာခဲ့ကြပါတယ်။ တကယ့် လက်တွေ့တွင် မည်သည့် အခွင့်အရေးမှ မရရှိသည့်အပြင် ပြန်လမ်းပင် မရှိတော့ပေ။ ထို့အပြင် အလုပ်သမား အများစုမှာ လုပ်ခ လစာ မရရှိဘဲ လုပ်အားပေး သတ်သတ် ပုံစံဖြင့်သာ လုပ်ကိုင်ခဲ့ရပါတယ်။

စစ် အကျဉ်းသားများမှ ပန်းချီ ဆွဲတတ်သူ အချို့က ဂျပန်တို့၏ စစ် ရာဇဝတ်မှုကို ဖော်ထုတ်ရန် အတွက် ပန်းချီများ ရေးဆွဲပြီး လျို့ဝှက် သိမ်းဆည်း ခဲ့ကြပါတယ်။ ပန်းချီဆွဲရန် စုတ်တံ အဖြစ် လူ့ဆံပင်၊ ဆေးအရောင် အဖြစ် သစ်စေးနှင့် လူ့သွေးများ၊ အောက်ခံ ကင်းဗတ်စ အဖြစ် အိမ်သာသုံး စက္ကူတို့ကို အသုံးပြုခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျပန်နှင့် ကိုးရီးယား လူမျိုး ၁၁၁ ယောက်ကို စစ် ရာဇဝတ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၃၂ယောက်ကို သေဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။ မည်သို့ပင် ဆိုစေကာမူ သမိုင်းဝင် မီးရထားလမ်းကို မိုးစက်တွေ အကြား လေ့လာ မှတ်သားရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။

Stacy Chan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top