ကုသိုလ်တော်ဘုရားဝန်းအတွင်းက ကမ္ဘာ့အကြီးဆုံးစာအုပ်

Worlds-Largest-Book-Kuthodaw-Pagoda-Things-to-see-in-Mandalay-Myanmar.jpg

မန္တလေး မြို့တည်၊ နန်းတည်ဘုရင်တစ်ပါးဖြစ်တဲ့ မင်းတုန်းမင်းတရားကြီးဟာ မြတ်စွာဘုရားရဲ့နှုတ်ကပါဌ်တော်တွေကို ကမ္ဘာတည်သ၍ မပျောက်မပျက် တည်ရှိနေစေဖို့အတွက်နဲ့ သာသနာပချိန်အထိတိုင် တည်နေစေဖို့ ရည်သန်ပြီး ကျောက်ချပ်တွေပေါ်မှာ ရေးထိုးမှတ်တမ်းတင်ထားစေခဲ့ပါတယ်။

အဲဒီကျောက်စာတော်တွေဟာ ယနေ့အချိန်မှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေပါပြီ။ ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံကို အဆင့်ဆင့်စိစစ်ပြီး သန့်ရှင်းတဲ့မူကို ကျောက်ထက်အက္ခရာ တင်ခဲ့တာဖြစ်ပြီး ကျောက်စာချပ်တွေကို မန္တလေးတောင်ခြေက ကုသိုလ်တော်ဘုရားမှာ ထားရှိပူဇော်ခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကျောက်စာချပ်ကြီးတွေရှိရာကုသိုလ်တော်ဘုရား

ပိဋကတ်သုံးပုံပါဠိတော်တွေကို ရေးထွင်းရာမှာ ဝိနည်း (၅) ကျမ်းပါဠိတော် ချပ်ရေ (၁၁၁) ချပ်၊ အဘိဓမ္မာ (၇) ကျမ်းပါဠိတော် ချပ်ရေ (၂၀၈) ချပ်၊ နိကာယ် (၅) ကျမ်း၊ သုတ် (၃) ကျမ်းပါဠိတော် ချပ်ရေ (၄၁၀) ချပ် ရေးထွင်းခဲ့ပြီး စုစုပေါင်း (၇၂၉) ချပ် ရှိပါတယ်။

ဒီကျောက်စာချပ်တွေကို ကုသိုလ်တော်ဘုရားကြီးရဲ့ ပထမမဟာရံတံတိုင်းအတွင်း (၄၂) ချပ်၊ ဒုတိယ မဟာရံတံတိုင်းအတွင်း (၁၆၈) ချပ်၊ တတိယ မဟာရံတံတိုင်းအတွင်း (၅၁၉) ချပ် တည်ထားခဲ့ပြီး ကျောက်စာချပ်တိုင်းကို သီဟိုဠ်စွယ်တော်ကြုတ်ပုံ အုတ်ပြာသာဒ်တစ်ခုစီအတွင်းမှာ မြေဝင် တစ်တောင်ထားပြီး အခိုင်အမာ စိုက်ထူပူဇော်ခဲ့ပါတယ်။

အုတ်ပြာသာဒ်တစ်ခုစီအတွင်းမှာ မြေဝင် တစ်တောင်ထားပြီး အခိုင်အမာ စိုက်ထူပူဇော်ခဲ့

ပထမမဟာရံတံတိုင်းအတွင်းဘက် အင်္ဂါထောင့်မှာတော့ ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်ကြောင်း ကျောက်စာကြီးတစ်ချပ် ရေးထိုးစိုက်ထူထားရှိတာကြောင့် စုစုပေါင်း ကျောက်စာချပ်ပေါင်း (၇၃၀) ရှိသွားခဲ့ပါတယ်။ စာရင်းမပါတဲ့ နောက်တိုးအလှူတော်စာရင်း ကျောက်စာ ၃ ချပ်လည်း ရှိပါ သေးတယ်။ ဘုရားအတွင်းမှာ ခရေပင်တွေကိုလည်း စိုက်ပျိုးထားခဲ့ပြီး ယနေ့ရှိနေတဲ့ခရေပင်တွေကတော့ နှစ်(၁၅၀) က ခရေပင်တွေမဟုတ်တော့ဘဲ အဲဒီမျိုးဆက်ခရေ ပင်တွေပဲဖြစ်ပါတယ်။

ကုသိုလ်တော်ဘုရားဟာ သက်တမ်းနှစ်ပေါင်း (၁၅၀) ကျော်ရှိနေပြီဖြစ်ပြီး မင်းတုန်းမင်းကြီးလှူခဲ့တဲ့ ကုသိုလ်တွေထဲမှာ အမွန်မြတ်ဆုံးကုသိုလ်တစ်ခုဖြစ်ကာ တန်ဖိုးကြီးရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား စတဲ့ ရတနာများစွာ တပ်ဆင်လှူဒါန်းထားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကျောက်စာချပ်ကြီးတွေရှိရာကုသိုလ်တော်ဘုရားဟာ မန္တလေးကိုရောက်ဖြစ်ခဲ့ရင် သွားရောက်ဖို့ မမေ့သင့်တဲ့ အထင်ကရနေရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top