အာကာသထဲရောက်ရှိမယ့် ပထမဆုံးလူမည်းအာဖရိကန်ဖြစ်လာဖို့ အခွင့်အရေးရထားသူ သေဆုံး

66707969_2475126415851597_6696498010450296832_n.jpg

အာကာသထဲ ရောက်ရှိမယ့် ပထမဆုံး လူမည်းအာဖရိကန်ဖြစ်လာဖို့ အခွင့်အရေးရထားတဲ့ တောင်အာဖရိကနိုင်ငံသားဟာ သူ့အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ခင် ဆိုင်ကယ်မတော်တဆဖြစ်လို့ သေဆုံးခဲ့ပါတယ်။ အသက် (၃၀) ရှိတဲ့ မာဆီကိုဟာ ပြီးခဲ့တဲ့စနေနေ့က သေဆုံးခဲ့တယ်လို့ မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိကလေတပ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မာဆီကိုဟာ ၂၀၁၃ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ အာကာသအကယ်ဒမီမှာ ပညာသင်ကြားဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

မာဆီကိုက လူသန်းပေါင်းများစွာကို ကျော်ဖြတ်ပြီး ပညာသင်ကြားခွင့်ရသူ (၂၃) ယောက်ထဲမှာ ပါဝင်ခဲ့တာပါ။ အာဖရိကတိုက်ရဲ့ အာကာသယာဉ်မှူးလို့ ချစ်စနိုးခေါ်ဝေါ်ခံရတဲ့ မာဆီကိုဟာ သူ့ကိုယ်သူ ပရီတိုရီယာမြို့ရဲ့ စံပြသားကောင်းလို့ မှတ်ချက်ပေးထားသူပါ။ သူဟာ ကမ္ဘာပတ်လမ်း တစ်ပတ်မပြည့်တဲ့ တစ်နာရီကြာ အာကာသခရီးစဉ်အတွက် ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ကနေဒီအာကာသစင်တာမှာ သီတင်းပတ် တစ်ပတ်ကြာအောင် လေ့ကျင့်ခဲ့ဖူးပါတယ်။

အဲဒီခရီးစဉ်ကို ၂၀၁၅ ခုနှစ်မှာ ပျံသန်းမယ်လို့ စီစဉ်ခဲ့ပေမဲ့ အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ခရီးစဉ်ကို စီစဉ်ခဲ့တဲ့ XCOR Aerospace ကုမ္ပဏီက ၂၀၁၇ ခုနှစ်မှာ ဒေဝါလီခံခဲ့ရပါတယ်။ အဲဒါကြောင့် မာဆီကိုလည်း လေတပ်မှာ ပြန်အမှုထမ်းရပြီး နောက်ပိုင်းမှာ ပုဂ္ဂလိပိုင်လေယာဉ် မောင်းနှင်တဲ့ လေယာဉ်မှူးလုပ်ခဲ့ပါတယ်။ အာဖရိကတိုက်ရဲ့ လူငယ်တွေ အားကျအတုယူစရာကောင်းပြီး စိတ်အားတက်ကြွစေမယ့်အရာတစ်ခုခု လုပ်ပြချင်တယ်လို့ မာဆီကိုက ပြောခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top