ယူကရိန်းဒေသ ၂ ခုကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ပူတင် ကြေညာ၊ ရေနံဈေး မြင့်တက်

21-2-2022-yyl7.jpg

” အိမ်နီးချင်းတစ်ယောက်က ခင်ဗျားအိမ်ထဲလာပြီး ဒီအခန်းက ငါ့အပိုင်လို့ လာပြောရင် ခင်ဗျား ဂရုစိုက်မှာလား။ ဒါက ခင်ဗျားပိုင်တဲ့တိုက်ခန်းဆိုရင် အမြဲတမ်း ခင်ဗျားဟာပဲလေ” . . . ခွဲထွက်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသနှစ်ခုကို ရုရှားသမ္မတပူတင်က လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပြီးနောက်မှာ ကိဗ်မြို့မှာ နေထိုင်သူ မာရီယာက အခုလို ပြောခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ခွဲထွက်ရေးလက်နက်ကိုင်တွေက ဒိုးနက်နဲ့ လူဟန့်စ်ဒေသတွေမှာ ခြေကုပ်ယူခဲ့ကြတာပါ။ အဲဒီဒေသ ၂ ခုလုံးမှာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပူတင်က ရုရှားစစ်သည်တွေကို ညွှန်ကြားခဲ့တယ်။ ဒီညွှန်ကြားချက်က ယူကရိန်းပြည်သူတွေကို မယုံကြည်နိုင်အောင် ဖြစ်စေခဲ့တယ်။ တချို့ကတော့ လိုအပ်လာရင် တိုင်းပြည်အတွက် ကာကွယ်ပေးဖို့ အသင့်ပြင်ဆင်နေကြပါပြီ။

ရုရှားနိုင်ငံရဲ့လုပ်ရပ်တွေက ယူကရိန်းနိုင်ငံရဲ့နယ်မြေစည်းလုံးမှုနဲ့ အချုပ်အခြာအာဏာကို ချိုးဖျက်နေပေမဲ့ ယူကရိန်းနိုင်ငံရဲ့ နယ်နမိတ်မျဉ်းကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ အင်္ဂါနေ့နံနက်ပိုင်းမှာ ယူကရိန်းသမ္မတ ဇီလင်စကီးက မိန့်ခွန်းပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ညနှောင်းပိုင်း မိန့်ခွန်းမှာတော့ ဇီလင်စကီးက ” ကျွန်တော်တို့ မကြောက်ပါဘူး။ ဘယ်သူ့ကို ဘာတစ်ခုမျှလည်း ပေးမှာမဟုတ်ပါဘူး။ အခုချိန်မှာ ဘယ်သူတွေက ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံ၊ မဟာမိတ်နိုင်ငံဖြစ်တယ်၊ ဘယ်သူတွေက ရုရှားကို စကားလုံးတွေနဲ့ပဲ ခြိမ်းခြောက်နေတာလဲဆိုတာ သိရဖို့ အရမ်းအရေးကြီးနေပါပြီ” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒိုးနက်စ်နဲ့ လူဟန့်စ်ဒေသတွေကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုတယ်လို့ ပူတင်က ကြေညာခဲ့ပြီးနောက်မှာတော့ အဲဒီဒေသ ၂ ခုမှာ အမေရိကန်နိုင်ငံသားတွေကို စီးပွားရေးလုပ်ခွင့်ပိတ်ပင်တဲ့ သမ္မတညွှန်ကြားချက်အမိန့်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံလုံးက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ ပြင်ဆင်နေပါပြီ။

ပူတင်ရဲ့ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဟောင်ကောင် အစရှိတဲ့ အာရှစတော့ရှယ်ယာဈေးကွက်တွေရဲ့ အင်္ဂါနေ့ဖွင့်လှစ်မှုက သိသိသာသာ နည်းပါးခဲ့ပါတယ်။ အခုလို အကျပ်အတည်းမျိုး ကြုံရချိန်မျိုးမှာ ရင်းနှီးမြှုပ်နှံသူတွေက ဂျပန်ယန်းငွေနဲ့ ရွှေကိုင်ထားတာ စိတ်ချရတယ်လို့ တွက်ဆကြပါတယ်။ စွမ်းအင်ပေးပို့မှု ပြတ်တောက်တာတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ပူပန်နေကြပြီး ရေနံဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။

Ref: BBC and CNN “Live Reporting”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top