တစ်နေ့ကို (၂၂) နာရီကြာ ဂိမ်းဆော့ပြီး လက်တွေလှုပ်မရဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်

13-7-2020-yyl-023.jpg

ကပ်ရောဂါကာလအတွင်းမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေကလည်း မဖွင့်သေးတော့ အိမ်မှာ ဘာတွေလုပ်ဖြစ်ကြလဲ…။ အခန်းထဲမှာပဲ အောင်းနေပြီး ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ တီဗီကြည့်လိုက်၊ ဂိမ်းဆော့လိုက် လုပ်နေကြတာလား။ အဲဒီလိုလုပ်မိနေရင်တော့ ရပ်တန့်ပစ်ဖို့ စဉ်းစားသင့်နေပါပြီ။ ကပ်ရောဂါအတွင်းမှာ ပျင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ဂိမ်းဆော့တာ၊ တီဗီကြည့်တာတွေကို လူတော်တော်များများလုပ်မိကြပါတယ်။ ဒီဆယ်ကျော်သက် ကောင်လေးဆိုရင် ကပ်ရောဂါအတွင်းမှာ ဘယ်လောက်တောင် ဂိမ်းဆော့လဲဆိုရင် တစ်နေ့ကို (၂၂) နာရီကြာအောင် ဂိမ်းဆော့ဖြစ်ပါတယ်။ အဲဒီလို ဂိမ်းဆော့ခဲ့တဲ့အတွက်ကြောင့်ပဲ လက်တွေမသန်စွမ်းဖြစ်သွားခဲ့တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံ၊ နန်းနင်မြို့က အသက် (၁၅) နှစ်အရွယ် ရှောင်ဘင်း ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက အိမ်မှာ ရုတ်တရက်မူးမေ့လဲကျသွားပြီးတဲ့နောက်မှာ ဆေးရုံ ချက်ချင်းတင်ခဲ့ရပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့ဘယ်ဖက်လက်မောင်းနဲ့ လက်တွေ လှုပ်ရှားလို့မရတော့တာကို သိခဲ့ရပါတယ်။ COVID-19 ကြောင့် တရုတ်နိုင်ငံမှာ Lockdown ချကတည်းက ရှောင်ဘင်းက အခန်းထဲပဲအောင်းပြီး တစ်လလုံး တစ်နေ့ကို (၂၂) နာရီကြား ဗီဒီယိုဂိမ်းဆွေ ကစားနေခဲ့တာဖြစ်ပါတယ်။ ကျောင်းတွေပိတ်ထားကတည်းက အဲဒီကောင်လေးက အိမ်မှာပဲ ရှိနေခဲ့ပြီး အခန်းတံခါးကို ပိတ်ထားတဲ့အတွက် သူ့ရဲ့လှုပ်ရှားမှုတွေကိုလည်း သူ့မိဘတွေက မသိမြင်ခဲ့ရဘူးလို့ Nanning Television အရ သိရပါတယ်။

သူ့မိဘတွေက မေးကြည့်တော့ အွန်လိုင်းသင်ခန်းစာတွေ သင်ယူနေတယ်လို့ သူက ပြန်ဖြေခဲ့တာပါ။ “သားက ပြတင်းပေါက်တွေကို ပိတ်ပြီး အခန်းတံခါးကိုလည်း သော့ခတ်ထားခဲ့ပါတယ်။ အထဲမှာ သူ ဘာလုပ်နေလဲဆိုတာ ကျွန်တော်တို့မသိခဲ့ဘူး။ လိုင်းပေါ်မှာ သူငယ်ချင်းတွေနဲ့ စကားပြောထားတာကိုလည်းတွေ့ပါတယ်။ ကောင်းကောင်းအနားမယူရသေးဘူး။ တစ်နေ့ကို (၂) နာရီပဲအိပ်တယ်လို့ သူက ပြောပါတယ်”လို့ သူ့မိဘတွေက ဆိုပါတယ်။

လက်တလောမှာတော့ ရှောင်ဘင်းက ဆေးရုံမှာ ကုသမှုခံယူနေရတုန်းပါပဲ။ အပြည့်အဝပြန်လည် ကောင်းမွန်လာမလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဆေးရုံက ဦးနှောက်အထူးကုဆရာဝန် ဒေါက်တာလီကတော့ ရှောင်ဘင်းက လေဖြန်းသလိုဖြစ်သွားတာလို့ ဆိုပါတယ်။ သူ့အခြေအနေက အိပ်ရေးပျက်တာများပြီး ဂိမ်းအလွန်အကျွံကစားခြင်းကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ လက်လှုပ်ရှားလို့မရဘဲ လေဖြန်းတာက အာဟာရဓာတ်ချို့တဲ့ပြီး ကောင်းကောင်းအနားမယူတဲ့အတွက် ဦးနှောက်ကို ရောက်မယ့် သွေးနဲ့ အောက်ဆီဂျင်ပမာဏ လျော့နည်းသွားတာကြောင့်ဖြစ်ပါတယ်။

ဗီဒီယိုဂိမ်းစွဲလန်းခြင်းက ဒေါသဖြစ်စေတဲ့အပြင် စိုးရိမ်ပူပန်တာ၊ စိတ်ကျရောဂါတွေကိုလည်း ဖြစ်စေနိုင်တဲ့အတွက် ကျောင်း (ဒါမှမဟုတ်) အလုပ်ခွင်မှာ တစ်စုံတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ရည်ကို ထိခိုက်စေနိုင်တယ်လို့ Unity Point က ဆိုပါတယ်။ ဒါကြောင့် ဗီဒီယိုဂိမ်း စွဲလန်းနေတဲ့သူတွေကို လုံးဝဖြတ်တောက်ပစ်ဖို့ မပြောလိုပေမယ့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်အောင်တော့ မကစားဖို့ တိုက်တွန်းချင်ပါတယ်။

Ref: WorldofBuzz “15yo Teenager’s Arm & Hand Paralyzed After Playing Video Games For 22 HOURS Daily”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top