ပြိုင်ဘက်များကိုတုန်လှုပ်စေသော ဖိုးသော်၏ ထိပ်တန်းစွမ်းရည် (၃) မျိုး

Phoe-Thaw-IMG_9068.jpg

ONE Championship ပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နေသည့်ကစားသမားများအနက် မြန်မာ့ စပါးအုံး အောင်လအန်ဆန်ပြီးလျှင် ဖိုးသော်သည် အောင်မြင်မှုအများဆုံးရရှိထားသောကစားသမား တစ်ဦးဟု ဆိုနိုင်သည်။

ဖိုးသော် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲပေါင်း (၈) ပွဲကို လေ့လာကြည့်ပါက နောက်ဆုံးအချီအထိ အရှုံးအနိုင်မပေါ်ပဲ အမှတ်ဖြင့်ဆုံးဖြတ်ရသည့်ပွဲ တစ်ပွဲသာရှိသည်။ ၎င်းသည် ONE Championship ပြိုင်ပွဲတွင် (၇) ပွဲနိုင် (၁) ပွဲရှုံးထားပြီး နောက်ဆုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားကစားသမား Yohan Mulia Legowo ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားသည်။

အသက် (၃၄) နှစ်အရွယ် ဖိုးသော်သည် ၎င်းယှဉ်ပြိုင်အနိုင်ရရှိခဲ့သည် ပွဲ (၇) ပွဲတွင် သံမဏိလူသား စောဘဦးနှင့် ရင်ဆိုင်ခဲ့သည့်ပွဲတစ်ပွဲသာ ဒိုင်ဆုံးဖြတ်ချက်အသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်ပွဲအားလုံးကို ပထမအချီတွင်သာ အလဲထိုး၊ ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်း၏ တိုက်ခိုက်မှုစွမ်းရည် မြင့်မားမှုကြောင့် ONE Championship တွင် (၈) ပွဲ ကစားပြီးချိန်အထိ တိုက်ခိုက်မှုကြာမြင့်ချိန်စုစုပေါင်းသည် (၃၆) မိနစ်ခန့်သာရှိသေးသည်ကိုတွေ့ရသည်။

လာမည့် ဇွန်လ (၁၅) ရက်နေ့၊ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်မည့် ONE: Legendary Quest ပြိုင်ပွဲတွင် ဖိုးသော်သည် အင်ဒိုနီးရှား ကစားသမား Victorio “Indra” Senduk နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် Victorio Senduk ရင်ဆိုင်ရမည့်ဖိုးသော်၏ ပြိုင်ဘက်များကို ခြိမ်းခြောက်အလဲထိုးပွဲသိမ်းနိုင်ခဲ့သည့် ထိပ်တန်းကိုယ်ခံပညာစွမ်းရည် (၃) မျိုးကို ဖော်ပြပေးလိုက်ရပါသည်။

ပြင်းထန်အားပါလှသည့်တံတောင်ရိုက်ချက်

စောရန်ပိုင်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင်လည်း ၎င်း၏ ညာတံတောင်ရိုက်ချက်များမှာ စောရန်ပိုင်ကို ပြင်းထန်စွာအထိနာစေခဲ့

 

မြန်မာရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သူ ဖိုးသော်သည် ၎င်း၏ ပြင်းထန်အားပါလှသည့်တံတောင်ရိုက်ချက်များကို ပွဲအတော်များများတွင် အသုံးပြုတိုက်ခိုက်လေ့ရှိသည်။ ဖိုးသော်၏ ONE Championship ပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်ဖြစ်သည့် ONE: Kingdom of Warriors ပြိုင်ပွဲကြီးတွင် ပြိုင်ဘက် ကြယ်စင်ထူးကို ပထမအချီပြီးခါနီးတွင် ဖိုးသော်က ပြင်းထန်အားကောင်းလှသည့် တံတောင်ရိုက်ချက်ဖြင့်တိုက်ခိုက်ခဲ့သဖြင့် မျက်ခုံးကွဲသွားခဲ့ကာ သွေးများစီးကျလာခဲ့သည်။

ဖိုးသော်သည် ပြင်းထန်အားပါသည့်ညာတံတောင်ရိုက်ချက်ဖြင့်တိုက်ခိုက်ပြီးနောက် ၎င်း၏ တရစပ် လက်သီးတွဲလုံးများပစ်သွင်းကာ ကြယ်စင်ထူးကို တိုက်ခိုက်ခဲ့သည်။ ပထမအချီအပြီးတွင် ဆရာဝန်၏ ဆုံးဖြတ်ချက်အရ ကြယ်စင်ထူးမှာ ဆက်လက်မကစားနိုင်တော့ပဲ ဖိုးသော်ကအနိုင်ရရှိခဲ့သည်။

အလားတူပင် ONE: State of Warriors ပြိုင်ပွဲတွင် ပြိုင်ဘက် ကပ္ပလီကို ဖိုးသော်က ပြင်းထန်အားပါလှသည့် ညာတံတောင်ရိုက်ချက်များနှင့် လက်သီးတွဲလုံးများ အဆက်အပြတ်ပစ်သွင်းကာ ပွဲချိန် (၂၂) စက္ကန့်အတွင်း ထပ်မံအနိုင်ယူနိုင်ခဲ့သည်။ စောရန်ပိုင်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင်လည်း ၎င်း၏ ညာတံတောင်ရိုက်ချက်များမှာ စောရန်ပိုင်ကို ပြင်းထန်စွာအထိနာစေခဲ့သည်။

ဖိုးသော်၏ ပြင်းထန်သောတံတောင်ရိုက်ချက်နှင့် တွဲလုံးလက်သီးချက်များကိုကြောင့် စောရန်ပိုင်မှာ ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရသည်။ ONE Championship ၏ ပြည်တွင်းဖယ်သာဝိတ်တန်းချန်ပီယံဆုကို ဖိုးသော် ဆွတ်ခူးနိုင်ခဲ့ခြင်းတွင် ၎င်း၏ ကြောက်စရာကောင်းလှသောတံတောင်ရိုက်ချက်များက အဓိကကျလှသည်။

ယခုလာမည့် ONE: Legendary Quest ပြိုင်ပွဲကြီးတွင်လည်း Victorio Senduk အနေဖြင့် ဖိုးသော်၏ ပြင်းထန်အားပါလှသည့်တံတောင်ရိုက်ချက်များကို မည်သို့ကျော်ဖြတ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

လျင်မြန်လှသည့်လက်သီးတွဲလုံးများ

ဖိုးသော်၏ ပွဲအတော်များများတွင် တရစပ်တွဲလုံးလက်သီးများကြောင့် ပြိုင်ဘက်များအခက်တွေ့ အရှုံးပေးခဲ့ရခြင်းများစွာရှိသည်

အရပ်အမောင်းမြင့်မားပြီး ခြေတံလက်တံရှည်ခြင်းသည် ကိုယ်ခံပညာအားကစားသမားဖိုးသော်အတွက် ဘုရားပေးထားသည့် အကောင်းဆုံးလက်ဆောင်ပင်ဖြစ်သည်။ ၎င်း၏ ဝိုက်လက်သီး၊ ပင့်လက်သီးနှင့် ဖြောင့်လက်သီးတို့သည် လျင်မြန်ပြီးအားမာန်ပါလှသည်။ ထို့အပြင် မိမိ၏ ပြိုင်ဘက်ဆီသို့ လက်သီးချက်များဖြင့် တိုက်ခိုက်ရာတွင် လက်တံရှည်သည့်အတွက် အမြဲတပန်းသာအနေအထားရနေခြင်းဖြစ်သည်။

ဖိုးသော်၏ ပွဲအတော်များများတွင် တရစပ်တွဲလုံးလက်သီးများကြောင့် ပြိုင်ဘက်များအခက်တွေ့ အရှုံးပေးခဲ့ရခြင်းများစွာရှိသည်။ ၂၀၁၆ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် ONE: Union of Warriors ပြိုင်ပွဲကြီးတွင် ပြိုင်ဘက် စောအယ်လေးကို ပြင်းထန်အားပါသည့်လက်သီးတွဲလုံးများဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ဝှေ့တွင် နာမည်ကျော် ကစားသမားတစ်ဦးဖြစ်သူ စောဘဦးနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင်လည်း ဖိုးသော်၏ လက်သီးတွဲလုံးများသည် စောဘဦးကို များစွာဒုက္ခပေးနိုင်ခဲ့သည်။ ဖိုးသော် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ONE: Reign of Valor ပြိုင်ပွဲတွင်လည်း ပြိုင်ဘက် အင်ဒိုနီးရှားကစားသမား Yohan Mulia Legowo ကို ၎င်း၏ လက်သီးတွဲလုံးများဖြင့် အနိုင်ယူထားခြင်းဖြစ်သည်။

Victorio Senduk ကိုယ်တိုင်ကလည်း ဖိုးသော်သည် လက်တံရှည်သောကြောင့် ၎င်း၏ လက်သီးတွဲလုံးများကို သတိထားရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်အင်တာဗျူးတစ်ခုတွင် ဖွင့်ဟပြောကြားခဲ့သည်။ Senduk အနေဖြင့် ဖိုးသော်၏ ပွဲပေါင်းများစွာအနိုင်ယူလာသည့်လက်သီးတွဲလုံးများကို ရှောင်ရှားနိုင်ပါ့မည်လား စောင့်ကြည့်ရပေမည်။

တိကျမြန်ဆန်လှသည့်အမြင့်ကန်ချက်များ

ကမ္ဘောဒီးယား ခွန်ခမာကစားသမား Sor Sey သည် ဖိုးသော်၏ အမြင့်ကန်ချက်ထိပြီးအရှုံးပေးခဲ့ရ

အရပ်အမောင်းမြင့်မားသည့် ကရာတေးချန်ပီယံတစ်ယောက်ဖြစ်ခဲ့ဖူးသူ ဖိုးသော်၏ ခြေကန်ချက်များသည် မည်မျှတိကျလှသည်ကို ကျွန်တော်တို့ ပွဲပေါင်းများစွာ မြင်တွေ့ကြပြီးဖြစ်သည်။ ဖိုးသော်နှင့်ယှဉ်ပြိုင်ဖူးသည့် ပြိုင်ဘက်တိုင်းက ဖိုးသော်၏ အမြင့်ကန်ချက်များကိုမထိစေရန် အမြဲလိုလိုသတိထားခဲ့သည်။

ကမ္ဘောဒီးယား ခွန်ခမာကစားသမား Sor Sey သည် ဖိုးသော်၏ အမြင့်ကန်ချက်ထိပြီးအရှုံးပေးခဲ့ရသည်။ အဆိုပါပွဲသည် ဖိုးသော်၏ လှပသည့်အမြင့်ကန်ချက်က ပွဲကြည့်ရှုသူအပေါင်း မင်သက် အံ့သြရသည်အထိ လှပခဲ့သည်။

ကိုယ်တိုင် ကရာတေးကစားခဲ့ဖူးသူ Victorio Senduk ကိုယ်တိုင်ကလည်း ဖိုးသော်၏ အမြင့်ကန်ချက်များမှာ အန္တရာယ်ကြီးမားကြောင်းနှင့် ဖိုးသော်၏တန်ပြန်တိုက်စစ်တွင် အမြင့်ကန်ချက်များဖြင့် လျှပ်တစ်ပြက် တုန့်ပြန်တက်ပုံကိုလည်း သတိမူထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top