ပတ္တမြားငမောက်ကိုပြန်တောင်းရန် သီပေါမင်းရဲ့ မြစ်ဖြစ်သူဦးစိုးဝင်း လန်ဒန်သို့ရောက်ရှိနေ

23131792_1585615064815073_8170959381233272013_n.jpg

ပတ္တမြားငမောက်ဟာ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တွေ နယ်ချဲ့တုန်းက အလွဲသုံးစားပြုလုပ်ခြင်းခံရတဲ့ တိုင်းပြည်သယံဇာတတစ်ခု ဖြစ်ပါတယ်။ အရပ်ပြော စကားများအရတော့ ငမောက်ပတ္တမြားကို မြန်မာတော်ဝင်မျိုးဆက်တွေထံမှ ဗြိတိသျှ အရာရှိတစ်ယောက်ကခိုးယူသွားခဲ့ပြီး ဘုရင်မကြီးရဲ့သရဖူထဲမှာ ထည့်သွင်းတပ်ဆင်ထားတယ် လို့ဆိုကြပါတယ်။

တစ်ချို့ကတော့ ပတ္တမြားငမောက်ကို ဗစ်တိုးရီးယား ဘုရင်မကြီးထံ လက်ဆောင်အဖြစ်ပေးလိုက်တယ်လို့ပြောဆိုကြပြီး ဗြိတိသျှ တော်ဝင်မျိုးနွယ်များထံမှာ ပျောက်ဆုံးသွားခဲ့တာလို့ ပြောကြပါတယ်။

ဘာပဲဖြစ်ဖြစ် ပတ္တမြားငမောက်ပျောက်ဆုံးသွားစေတဲ့ လက်သည်ကိုတော့ အခုထိ တိတိကျကျမသိရသေးဘူးလို့ပဲဆိုရမှာပါ။ နှစ်ပေါင်း ၁၃၀ ခန့်ကြာအပြီးမှာတော့ ပတ္တမြားငမောက်ပဟေဠိတွေကို သည်းမခံနိုင်ဘဲ ဗြိတိသျှတွေထံ လာရောက်ဖြေရှင်းမယ့် သူတစ်ယောက်ပေါ်လာပါပြီ။ သူကတော့ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ဖြစ်ခဲ့တဲ့ သီပေါမင်းရဲ့ မြစ်ဖြစ်သူ အသက် ၇၀ အရွယ်ရှိ ဦးစိုးဝင်းဖြစ်ပါတယ်။ ဦးစိုးဝင်းဟာ ပတ္တမြားငမောက်ကို ပြန်လည်ရယူပေးခြင်းက နိုင်ငံအတွက် ဂုဏ်သိက္ခာတစ်ရပ်ကို ဆောင်ယူပေးခြင်းဖြစ်တယ်လို့ ယုံကြည်ထားပြီး “ပတ္တမြားငမောက်ဟာ ကျွန်တော်တို့ နိုင်ငံ သယံဇာတ ဘယ်လောက်ကြွယ်ဝတယ်၊ ကျွန်တော်တို့နိုင်ငံဘာတွေ လုပ်နိုင်လဲဆိုတာကို ပြန်သတိရစေပါတယ်။ ဒါ့အပြင် ပတ္တမြားငမောက်က ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ချိန်က လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သမိုင်းကြောင်း ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သတိပေးပါတယ်။ ” လို့ဆိုပါတယ်။

ဒဏ္ဍာရီအရတော့ ပတ္တမြားငမောက်ဟာ ဝါဂွမ်းနဲ့ အုပ်ထားရင်တောင် အရောင်တွေ တောက်ပနေတဲ့ ပတ္တမြားဖြစ်တဲ့အပြင် ဖျားနာခြင်းများကိုပျောက်ကင်းစေကာ ပိုင်ရှင်ကို လာဘ်လာဘတွေ တိုးစေတဲ့ ပတ္တမြားဖြစ်တယ် လို့ဆိုထားပါတယ်။

ပတ္တမြားငမောက် ပျောက်ဆုံးသွားခြင်းအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ အိန္ဒိယနဲ့ မြန်မာပြည်တိုက်ပွဲစဉ်များကို ဦးဆောင်ခဲ့ပြီး ဗမာပြည်သိမ်းပိုက်ရေးတပ်ဖွဲ့ရဲ့ နိုင်ငံရေး ဦးဆောင်အရာရှိဖြစ်သူ ဗိုလ်မှူးကြီး အက်ဒ်ဝပ် စလေဒင် (ကာနယ်စလေဒင် Col. Edward Sladen)ဖြစ်ပါတယ်။

ကာနယ်စလေဒင်ဟာ သီပေါဘုရင် အိန္ဒိယသို့ နယ်နှင်ခံရစဉ် ပတ္တများငမောက်အပါအဝင် တန်ဖိုးကြီး ပစ္စည်းများကို ဦးဆောင်ခန့်ခွဲခဲ့ရသူတစ်ယောက်ဖြစ်ပြီး သီပေါမင်းက စလေဒင်ကို လုံလုံခြုံခြုံခေါ်ဆောင်ပေးဖို့အတွက် ပတ္တမြားငမောက်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ၁၈၈၆ ခုနှစ် ဇွန်လက သီပေါမင်းမှ ဗြိတိသျှဘုရင်ခံသို့ပေးတဲ့ စာတစ်စောင်မှာ ပတ္တမြားငမောက်ကို ပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

၁၉၁၁ ခုနှစ်နောက်ပိုင်းကာလမှာ သီပေါမင်းက ဘုရင်အသစ်ဖြစ်လာသူ ဂျော့ ဘုရင် ၅ ကို သူ့ရဲ့ တန်ဖိုးကြီး ပတ္တမြားလက်စွပ်ကို ကာနယ်စလေဒင်ယူဆောင်သွားကြောင်း တိုက်ရိုက်စာရေးသားခဲ့ပေမဲ့ ဒီစာကို ဗြိတိသျှဘက်မှ အဖက်မလုပ်ခဲ့ကြပါဘူး။ ဗြိတိသျှတို့ဘက်မှ ပတ္တမြားငမောက်ကိုပြန်ပေးရန် ငြင်းဆန်ခဲ့မှုကြောင့် မြန်မာပြည်ဟာ တော်ဝင်သရဖူမှာ ပါဝင်တဲ့ ရတနာ စာရင်းကို စုံစမ်းခဲ့ကြပါသေးတယ်။

ဦးစိုးဝင်းရဲ့ ဦးလေးတော်သူ ဖြစ်ပြီး ကွန်မြူနစ်တစ်ယောက်ဖြစ်တယ်လို့ယုံကြည်ထားခြင်းခံရတဲ့ တော်ဘုရားကလေးကတော့ သူ့ရဲ့ The Nga Mauk Ruby in London စာအုပ်ထဲမှာတော့ “ဗြိတိသျှ နယ်ချဲ့တွေ ပတ္တမြားငမောက် ကို ဘယ်လိုပဲ ဖုံးကွယ်ဖို့ကြိုးစားကြိုးစား ပတ္တမြားငမောက် ရှိခဲ့ကြောင်း အထောက်အထားတွေ အခိုင်အမာရှိပါတယ် ”လို့ရေးသားခဲ့ပါတယ်။

တော်ဘုရားကလေးကတော့ ပတ္တမြားငမောက်ဟာ ၁၉၁၁ ခုနှစ်မှာ ဂျော့ဘုရင် ၅ အတွက် သရဖူကိုပြုလုပ်ရမှာ အသုံးပြုခဲ့တယ်လို့ ယုံကြည်သူတစ်ယောက်ပါ။ ဒါ့ကြောင့်လည်းစစ်အစိုးရလက်ထက်မှာ သံတမန်အဖြစ် လုပ်ကိုင်ခဲ့သူ ဦးစိုးဝင်းဟာဗြိတိသျှ သမိုင်းပညာရှင် ၊ရုပ်ရှင်ဖန်တီးသူ အဲလက် ဘက်စ်ကောဘီ (Alex Bescoby)နဲ့ အတူ လန်ဒန်တာဝါသို့ သွားရောက်တာ ဖြစ်ပါတယ်။

ဗြိတိသျှ တော်ဝင် ပစ္စည်းစုဆောင်းမှုအဖွဲ့ကတော့ အင်ပါယာ သရဖူအတွက် အသုံးပြုထားတဲ့ ပတ္တမြားတွေရဲ့ နောက်ကြောင်းစာရွက်စာတမ်းတွေ မရှိကြောင်း ဦးစိုးဝင်းကို ပြောဆိုခဲ့ပါတယ်။

ဦးစိုးဝင်းကတော့ ပတ္တမြားငမောက်ဟာ သရဖူ ရတနာတွေထဲမှာ မပါဝင်ရင်တောင် တော်ဝင် ရတနာပစ္စည်းစုဆောင်းမှုထဲမှာ ရှိရမယ် လို့ယုံကြည်ထားပြီး “သူတို့တွေ ဘာကို ဖုံးကွယ်ထားလဲဆိုတာ ကျွန်တော်သိချင်တယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီရောက်လာတာပေါ့။ ပတ္တမြားငမောက် အင်္ဂလန်မှာရှိနေတုန်းပဲလို့ ကျွန်တော် ယုံတယ် ”လို့ BBC ပြောဆိုခဲ့ပါတယ်။

ပတ္တမြားငမောက်ပျောက်ဆုံးသွားခြင်းနဲ့ ပတ်သတ်ပြီး တခြား ယူဆချက်တစ်ခုလည်း ရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ တော်ဝင် ရတနာပစ္စည်းထိမ်းသိမ်းရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကာရိုလင်း ဒီဂီတတ် (Caroline de Guitaut ) မှ အရှေ့အင်ဂျလီယာ တက္ကသိုလ်မှာ နည်းပြလုပ်နေသူ မိုက်ကယ်နက်ရှ် (Michael Nash)ထံသို့ပေးခဲ့တဲ့ စာတစ်စောင်မှာတော့ သူမဟာ ၁၈၉၆ ဗစ်တိုးရီးယားဘုရင်မရဲ့ သရဖူထဲ ပါဝင်တဲ့ရတနာစာရင်းထဲမှာ အရည်အသွေးကောင်းတဲ့ ပတ္တမြားတစ်လုံး ပါကြောင်းဖော်ပြထားပါတယ်။ ကာရိုလင်းက “ဒီပတ္တမြားဟာ ဗမာဘုရင်ဆီမှ ပတ္တမြားဖြစ်ပြီး ဘုရင်မကို ဗမာပြည်သံအမတ်များမှာ လက်ဆောင်အဖြစ် ဆက်သထားတယ် လို့ ရေးထားတယ် ”ဆိုပြီး မိုက်ကယ်ကိုပြောခဲ့ပါတယ်။ မိုက်ကယ်နက်ရှ် ကတော့ ဒီပတ္တမြားကို တော်ဝင်မိသားစုတွေ အမွေပေးရင်း၊ ပေးရင်း ဘယ်သူဆီရောက်နေပြီလဲဆိုတာကို ရှာဖို့ ခက်လိမ့်မယ် လို့ဆိုပါတယ်။

ဦးစိုးဝင်းကတော့ ဒီရှာဖွေမှုကို လက်လျှော့သွားမှာမဟုတ်ဘဲ “ခင်ဗျားတို့ဆီမှာ ခင်ဗျားတို့ သမိုင်းအကြောင်း ပြစရာ တစ်ပုံတစ်ပင်ရှိနေပေမဲ့ ကျွန်တော်တို့ ဆီမှာ ဘာမှမရှိဘူး။ မြန်မာပြည်ရဲ့ နောက်မျိုးဆက်သစ်တွေကို သင်ကြားပေးဖို့ ကျွန်တော်တို့မှာ သက်သေပြစရာဘာမှ မရှိဘူး ” လို့ BBC ကိုပြောဆိုခဲ့ပါတယ်။

Ref : BBC
လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top