ကြွက်တက်ခြင်းဆိုတာ ဘာလဲ၊ ဖြစ်လာရင် ဘယ်လိုသက်သာအောင်လုပ်မလဲ

muscle-strainlarge.jpg

ကြွက်တက်ခြင်း(muscle cramp )ဆိုတာ ပြင်းပြင်းထန်ထန် နာကျင်စေတဲ့ ကြွက်သားရုတ်တရက် တောင့်တင်းခြင်း၊ ကျုံ့ခြင်းဝေဒနာဖြစ်ကာ စက္ကန့်အနည်းငယ်ကနေ မိနစ်အတော်ကြာတဲ့အထိ ကြာမြင့်တတ်ပါတယ်။ များသောအားခြင့် ခြေထောက်မှာဖြစ်လေ့ရှိပါတယ်။ ညအိပ်စဉ်ကြွက်တက်ခြင်းက ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားမှာ ရုတ်တရက်ဆတ်ခနဲဖြစ်ခြင်း၊ တောင့်တင်းသွားခြင်းဖြစ်ပါတယ်။ တခါတရံ ပေါင်နဲ့ခြေဖဝါးမှာ ဖြစ်လာတတ်ပြီး အများအားဖြင့် အိပ်ပျော်နေစဉ်နဲ့ မနက်အိပ်ရာနိုးချိန်မှာ ဖြစ်လေ့ရှိပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ

ကြွက်တက်ရတဲ့အကြောင်းရင်းကို အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့် နေထိုင်မှု အနေအထားနဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေကြောင့် ဖြစ်လာတတ်ပါတယ်။ ဥပမာ – လေ့ကျင့်ခန်းကြောင့်၊ ထိခိုက်မှုကြောင့်၊ ကြွက်သားကိုအသုံးပြုမှုများတာကြောင့်။

ကိုယ်ဝန်ဆောင်ခြင်း။ ကြွက်တက်ခြင်းဟာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓာတ်တွေချို့တဲ့မှုကြောင့်၊ အထူးသဖြင့် ကိုယ်ဝန်လရင့်လာချိန်မှာ ဖြစ်လာတတ်ပါတယ်။ အအေးဓာတ်များတဲ့အချိန်၊ အထူးသဖြင့် အေးစိမ့်တဲ့ရာသီဥတုမှာဖြစ်တတ်ပါတယ်။

သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေ၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အာရုံကြောနှင့်ကြွက်သားများဆုတ်ယုတ်ပျက်စီးမှုရောဂါ(multiple sclerosis) တို့လို တခြားရောဂါတွေကြောင့်၊အိပ်နေစဉ်အတွင်း ခြေထောက်အနေအထားမမှန်တာ မညီမညာမျက်နှာပြင်တစ်ခုမှာ အချိန်ကြာကြာရပ်နေတာ၊ အချိန်ကြာကြာထိုင်တာ၊ သွေးတွင်းမှာ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊နဲ့တခြားသတ္ထုဓာတ်တွေ မလုံလောက်တာ၊ ရေဓာတ်ခန်းခြောက်ခြင်း၊ စိတ်ငြိမ်ဆေး၊ သန္ဓေတားဆေး၊ ဆီးဆေး၊ statins နဲ့ စတီးရွိုက် တို့လို ဆေးဝါးတချို့ကြောင့် ဖြစ်နိုင်ပါတယ်။

ကြွက်တက်ရင် ဘယ်လို ကုသနေထိုင်ရမလဲ

ကြွက်တက်ပြီဆိုရင် အမြန်ဆုံးသက်သာစေဖို့ ဘယ်နည်းကကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။ အောက်ပါ နည်းလမ်းတွေထဲက အဆင်ပြေရာကို လုပ်ကြည့်ပါ –
ကြွက်သားကို ဆန့်ပြီး နှိပ်နယ်ပေးပါ။ ကြွက်သားကိုပြေလျော့စေဖို့ ရေနွေးနွေးနဲ့လောင်းပေးပါ။ ရေနွေးဝတ်ကပ်ပေးတာလည်း ကောင်းပါတယ်။ ရေခဲတုံး သို့မဟုတ် ရေအေးဝတ်ကပ်ပေးတာကလည်း တစ်နည်းပါ။ ဒီလိုကပ်တဲ့အခါမှာတော့ အရေပြားနဲ့ ရေခဲ ကြားမှာ အဝတ်တစ်ခုခုခံထားဖို့တော့ မမေ့ပါနဲ့။ acetaminophen(Tylenol), ibuprofen (Advil, Motrin), ဒါမှမဟုတ် naproxen (Aleve) တို့လို အလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးဝါးတွေသောက်နိုင်ပါတယ်။ ကြွက်တက်ခြင်းအတွက် ဆရာဝန်က သောက်ဆေးညွှန်ကြားတဲ့အခါ အတိအကျသောက်ပါ။ တခုခုအကြောင်းရှိရင် ဆရာဝန်ထံ ဆက်သွယ်ပါ။ အရည်များများသောက်ပါ။ ဓာတ်ဆားအချိုရည်တွေကလည်းခြေထောက်ကြွက်တက်ခြင်းအတွက် အထောက်အကူပေးပါတယ်။

ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက –

ဟိုလျှောက်ဒီလျှောက်လုပ်ပါ။ ခြေသလုံးကြွက်သားတွေကို ဆန့်ပါ။ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်းဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ထိုင်နေရင်း ခြေထောက်ကိုဆန့်တန်းပါ၊ခြေဖျားကို ကော့လိုက် ကုပ်လိုက် လုပ်ပါ။ နံရံနဲ့ ၂ ပေအကွာလောက်မှာရပ်ပြီး နံရံဘက်ကို လက်နှစ်ဖက်နဲ့ထောက်ပါ။ ရှေ့ကိုညွှတ်ချချိန်မှာ ကြွက်တက်ချင်နေတဲ့ဘက်က ခြေထောက်ကို ဒူးဆန့်ထားပြီး ဖနောင့်ကိုကြမ်းနဲ့ထိထားပါ။ဒီလိုလုပ်နေချိန်မှာ နောက်တစ်ဘက်ကိုတော့ ကွေးထားပါ။

ကြွက်မတက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ

ရေနဲ့ အရည်များများသောက်ပါ။ ဆီးအရောင်က အဝါရောင် ဖျော့သထက်ဖျော့ပြီး ရေလိုကြည်တဲ့အထိ ဖြစ်လာတဲ့အထိ ရေသောက်ပါ။ အရက်၊ဘီယာ လျှော့သောက်ပါ သို့မဟုတ် ရှောင်ပါ။ ကယ်လ်စီယမ်၊ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပြီး ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာတွေ စားပါ (အထူးသဖြင့် ကိုယ်ဝန်ဆောင်ဖြစ်ရင်)။ ကြွက်သားအနေအထားပြန်လည်ကောင်းမွန်စေဖို့ စက်ဘီးစီးပါ ဒါမှမဟုတ် စက်ဘီးစက်မှာ စီးပါ။ လေ့ကျင့်ခန်းမလုပ်မီနဲ့ အိပ်ရာမဝင်မီ နေ့တိုင်းအကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းကို လုပ်နေကျထက် ရုတ်တရက်တိုးမလုပ်ပါနဲ့။ တစ်ပတ်ကို နည်းနည်းချင်းပဲတိုးပါ။ ဗီတာမင်အစုံပါတဲ့အားဆေးတွေသောက်ပါ။

ကြွက်တက်ခြင်း ဆက်တိုက် ပြန်ပြန်ဖြစ်နေရင် ဘာလုပ်ရမလဲ

ကြွက်တက်ခြင်းဝေဒနာက ဆက်တိုက်ပြန်ပြန်ဖြစ်နေရင် ဒါမှမဟုတ် ပြင်းထန်လာရင် ဆရာဝန်နဲ့ပြသဆွေးနွေးပါ။ restless legs syndrome လို့ခေါ်တဲ့ ခြေထောက်ရောဂါတွေရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။
ဒီဝေဒနာကြောင့် ညဘက်အိပ်မရတာတွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်က သင့်ကြွက်သားတွေ ပြေလျော့စေမယ့် ဆေးဝါးတွေ ညွှန်းပေးနိုင်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top