စစ်ဖြစ်နေပေမဲ့ ကိဗ်မြို့စာသင်ကျောင်းက အွန်လိုင်းကနေ စာပို့ချမယ်

26-2-2022-yyl05.jpg

စစ်ဖြစ်နေပေမဲ့ ကိဗ်မြို့စာသင်ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ စာသင်နိုင်ဖို့ အွန်လိုင်းကနေ စာပို့ချမယ်လို့ ကြေညာခဲ့တယ်။ ” စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့ အခုလို ခက်ခဲတဲ့အခြေအနေမျိုးမှာ ကိဗ်မြို့ ဆက်လက်ရှင်သန် လှုပ်ရှားနေရေးက အရေးကြီးတာဝန်တစ်ခုပါပဲ။ သူတို့ (ရုရှား)တွေက ကျွန်တော်တို့ကို အကြပ်ကိုင် ခြိမ်းခြောက်နေပေမဲ့ အဲဒီလုပ်ရပ် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ရုရှားရဲ့ကျူးကျော်စစ်အတွင်း ယူကရိန်းနိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကလေးငယ် ၅ သိန်းကျော် ရှိတယ်လို့ ဆိုတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံမှာ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၆၃ ဘီလျံကျော် ရှိတယ်လို့ ကိဗ်မြို့ စီးပွားရေးကျောင်းက ခန့်မှန်းတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တာ အခုဆိုရင် ကျူးကျော်စစ်က ၃၃ ရက် ကြာမြင့်နေပါပြီ။

ကိဗ်မြို့ စီးပွားရေးကျောင်းကတော့ မတ်လ ၂၄ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမှုတွေပဲ တွက်ထားတာပါ။ မတ်လ ၂၄ ရက်အထိ အနည်းဆုံး လူနေအဆောက်အအုံ ၄၄၃၁ လုံး၊ စက်ရုံနဲ့ ဂိုဒေါင် ၉၂ လုံး၊ စာသင်ကျောင်း ၃၇၈ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်။ လေဆိပ် ၁၂ ခု ထိခိုက်ပျက်စီးပြီး ရေအားလျှပ်စစ်နဲ့ အပူစွမ်းအင်စက်ရုံ ၇ လုံး ပျက်စီးခဲ့တယ်လို့ ဆိုတယ်။ မတ်လ ၂၈ ရက်အထိ ပျက်စီးဆုံးရှုံးမှုတွေကို တွက်ကြည့်ရင်တော့ အမေရိကန်ဒေါ်လာ ၁၁၉ ဘီလျံအထိ ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ သေဆုံးသူ အနည်းဆုံး ၂၁၀၀၀ ရှိပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၀ သန်းအထိ ရှိမယ်လို့ ဆိုကြတယ်။

ရုရှားက ” စစ်ဆင်ရေး ပထမအဆင့် ပြီးဆုံးပြီ။ ယူကရိန်းအရှေ့ပိုင်း ဒေသတွေကိုပဲ အာရုံစိုက်တော့မယ်” လို့ ဆိုခဲ့ပေမဲ့ မြို့ကြီးတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်ပြီး အခုအချိန်အထိလည်း တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ။ ရုရှားဟာ ကိဗ်မြို့တစ်ဝိုက်မှာတော့ အထိနာလို့ တပ်ပြန်ဆုတ်သွားရတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။ ရုရှားစစ်တပ်ရဲ့ တပ်ပေါင်းစု (BTG) ၂ ခုဟာ ဘီလာရုစ်နိုင်ငံကို ဆုတ်ခွာသွားရတယ်လို့ ဆိုတယ်။ ဒါ့အပြင် ရုရှားကနေ ယူကရိန်းကို ချီတက်လာတဲ့ တပ်ဖွဲ့တွေကလည်း သိသိသာသာ လျော့နည်းလာပြီလို့ ဆိုတယ်။

Ref: BBC “Live Reporting”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top