၂၀၂၂ခုနှစ်ဆီ သယ်မလာသင့်တဲ့ အလေ့အကျင့်ဆိုးတွေ

6-2-2022-yyl3.jpg

အလေ့အထဆိုးတွေကို အလွယ်တကူစွန့်လွှတ်ပစ်ဖို့ ခက်ခဲကြတယ်မလား။ အဲဒီအကျင့်ဆိုးတွေကို စွန့်လွှတ်ပြီး ကောင်းတဲ့အရာတွေနဲ့ သဟဇတဖြစ်ဖို့ကလည်း အချိန်တော့ယူရပါတယ်။ ဘယ်နေ့က အကောင်းဆုံးရက်ဆိုပြီး ရွေးလုပ်လို့တော့မရဘူး။ သင့်ရဲအလေ့အထတွေက မကောင်းဘူးဆိုတာ သင် သိလိုက်ရတဲ့နေ့က သင် အဲ့ဒါတွေကို စွန့်လွှတ်ပစ်ဖို့ စတင်အားစိုက်ထုတ်သင့်တဲ့အချိန်ပါပဲ။ အရင်က သင့်အကျင့်ဆိုးတွေကို မစွန့်လွှတ်ပစ်ခဲ့မိဘူးဆိုရင် အခု အချိန်တန်ပါပြီ။ ၂၀၂၂ခုနှစ် အစပိုင်းတောင် ရောက်နေပြီဖြစ်တဲ့အတွက် နှစ်သစ်မှာ ကောင်းတဲ့အရာတွေကြုံတွေ့ရဖို့၊ စိန်ခေါ်မှုအသစ်တွေကို ပိုပြီးလုပ်ဆောင်နိုင်ဖို့ အလေ့အကျင့်ဆိုးတွေကို ၂၀၂၁ခုနှစ်မှာပဲ ချန်ထားခဲ့သင့်ပါတယ်။ ၂၀၂၁ခုနှစ်မှာ ချန်ထားခဲ့သင့်တဲ့ အလေ့အကျင့်ဆိုးတွေကတော့

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို လျစ်လျူရှုထားတာ

ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဉီးစားပေးဖို့ တော်တော်လေးပြောရပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖြစ်တာက လူအနည်းစုပါပဲ။ အကြောင်းအမျိုးမျိုးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို လျစ်လျူရှုမိနေကြရပါတယ်။ အလုပ်ကြောင့် (ဒါမှမဟုတ်) မိသားစုပြဿနာ၊ ငွေရေးကြေးရေးပြဿနာတွေကြောင့် စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေနဲ့ ရင်ဆိုင်ရမှာတော့ မလွှဲမသွေပါပဲ။ အဲဒီပြဿနာတွေကနေ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မထိခိုက်စေဘဲ ရုန်းထွက်နိုင်ဖို့ ကြိုးစားကြရမှာပါ။ ဒါကြောင့် အခုနှစ် ၂၀၂၂ခုနှစ်မှာ အခြားအရာတွေထက် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဉီးစားပေးသင့်ပါတယ်။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး သင့်ချစ်ခင်တဲ့သူတွေကို ပြောပြပါ။ အရမ်းခက်ခဲလာတယ်ဆိုရင် အကူအညီတောင်းခံပါ။ တစ်ယောက်တည်း မဖြေရှင်းပါနဲ့။

အချိန်ဆွဲတတ်တာ

အကြောင်းပြချက်မရှိဘဲ သင့်အလုပ်တွေကို တန်းမလုပ်ဘဲ အချိန်ဆွဲပစ်တာ၊ နှောင့်နှေးကြန့်ကြာစေတာ တွေကို တစ်နေ့ ဘယ်နှစ်ကြိမ်လောက်လုပ်မိလဲဆိုတာ သင် တွက်ကြည့်မိဖူးလား။ သတ်မှတ်ထားတဲ့ရက်နားနီးမှ အလုပ်မပြီးသေးလို့ စိုးရိမ်ပူပန်ရပြန်ပြီလား။ သင် တွက်ကြည့်မယ်ဆိုရင် အကြိမ်ရေတော်တော်များလောက်မယ်ထင်ပါတယ်။ အချိန်ဆွဲတာ၊ နှောင့်နှေးကြန့်ကြာစေတာတွေက သင့်အလုပ်ကို ပိုခက်ခဲသွားစေပြီး စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေ များလာစေနိုင်ပါတယ်။ ဒါကြောင့် အချိန်ဆွဲတတ်တဲ့အကျင့်ဆိုးကို ၂၀၂၁ခုနှစ်မှာ ချန်ထားရစ်ခဲ့ပြီး အခုနှစ်မှာ သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် အလုပ်ပြီးအောင်လုပ်ဆောင်ပါ။ ဒါမှ အားလပ်ချိန်တွေမှာ ကောင်းကောင်းအနားယူနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အယုံအကြည်မရှိတာ၊ မယုံသင်္ကာဖြစ်တာ

ကိုယ့်ကိုယ်ကို အယုံအကြည်မရှိတာ၊ ကိုယ့်ကိုယ်ကို မကောင်းပြောတာတွေက သင့်ရဲ့အောင်မြင်မှုကို ဖျက်စီးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အယုံအကြည်မရှိတဲ့အကျင့်ကို ၂၀၂၂ ခုနှစ်ဆီ မသယ်ဆောင်လာပါနဲ့။ ကိုယ့်ကိုယ့်ကို ကောင်းပေးပါ။ ချစ်ပေးပါ။ ကောင်းတဲ့အတွေးတွေ မွေးမြူပါ။ သင်ကိုယ်တိုင်ကပဲ အောင်မြင်မှုတွေရရှိဖို့၊ အကောင်းဆုံးလုပ်နိုင်ဖို့ တွန်းအားပေးနိုင်ပြီး စိတ်ဓာတ်ခွန်အားပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမှ သင့်အတွက် လုပ်ပေးမှာမဟုတ်တဲ့အတွက် ရည်မှန်းချက်ကြီးကြီးထားပါ။ ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ကြင်နာပါ။

Workout မလုပ်ဖြစ်တာ

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းက ကျွန်တော့်တို့ရဲ့ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ သိပေမဲ့ ဆင်ခြေအမျိုးမျိုးနဲ့ မလုပ်ဘဲ ရှောင်ပြေးတတ်ကြပါတယ််။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက ကျွန်တော်တို့အတွက် ဘယ်လိုကောင်းကျိုးတွေပေးတယ်၊ ကျန်းမာရေးကို ဘယ်လိုတိုးတက်စေတယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ၂၀၂၁ခုနှစ်မှာ လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့အကျင့်ကို ၂၀၂၂ခုနှစ်မှာ စွန့်လွှတ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

Emotional Eating လုပ်တာ

Emotional eating ဆိုတာက အဆီများ၊ အချိုများပြီး မကျန်းမာတဲ့ အစားအစာတွေကို စိတ်ဖိစီးချိန်၊ ပျင်းတဲ့အချိန်၊ အထီးကျန်တဲ့အချိန်တွေမှာ ထွက်ပေါက်အနေနဲ့၊ ခဏတာစိတ်ပြေပျောက်တဲ့အနေနဲ့ စားသုံးတာဖြစ်ပါတယ်။ စိတ်ညစ်တာတွေ ဖြေဖျောက်စေတယ်ဆိုပြီး သင့်စိတ်ကို သိပ်အလိုမလိုက်ပါနဲ့။ စိတ်ညစ်တဲ့အချိန်မှာ မိမိကြိုက်နှစ်သက်တဲ့အစားအစာကို စားသုံးတာ အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ ခဏတာတော့ အဲဒီအစားအစာတွေက သင့်စိတ်ကို ကျေနပ်သွားစေနိုင်ပေမဲ့ ရေရှည်အနေနဲ့ဆိုရင် သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ဒါကြောင့် ဒီအကျင့်ကို ၂၀၂၂ခုနှစ်မှာ စွန့်လွှတ်ပစ်ပါ။ သင့်ကြိုက်တဲ့အရာ၊ သင့်ကြိုက်တဲ့ အချိန်တိုင်းစားပါ။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို နားလည်ပါ။ အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေနဲ့ သင့်ခန္ဓာကိုယ်ကို ထောက်ပံ့ပေးပါ။

အသုံးအဖြုန်းကြီးတာ

ဈေးဝယ်ထွက်တာက စိတ်ဖီစီးမှုကို ဖြေဖျောက်စေနိုင်တယ်လို့ ပြောကြပေမဲ့ ငွေစုဆောင်းဖို့ကလည်း အရေးကြီးပါတယ်။ သင့်ရဲ့ငွေတွေကို စုဆောင်းသင့်တာစုဆောင်း၊ ရင်းနှီးမြှုပ်နှံသင့်တာရင်းနှီးမြှုပ်နှံပါ။ ဒီနည်းက သင့်အနာဂတ်စိတ်ချရဖို့နဲ့ ကြွယ်ဝချမ်းသာဖို့ အကောင်းဆုံးပါပဲ။ ဒါကြောင့် သင့်လစာရဲ့အနည်းငယ်ကိုသာ သုံးပါ။ အသုံးအဖြုန်းမကြီးပါနဲ့။ အသုံးအဖြုန်းကြီးတဲ့အကျင့်ရှိရင် ၂၀၂၂ခုနှစ်ဆီ သယ်မလာပါနဲ့။

Ref: Habits you should leave behind in 2021

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top