ဆန္ဒပြပွဲတွေ မြင့်တက်နေချိန်မှာ ရုရှားဦးဆောင်တဲ့ စစ်သည်တွေ စေလွှတ်ပေးဖို့ ကာဇက်စတန်သမ္မတ တောင်းဆို

6-2-2022-yyl2.jpg

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ကာဇက်စတန်နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်စေဖို့အတွက် ရုရှားဦးဆောင်တဲ့ စစ်သည်တွေ စေလွှတ်ပေးဖို့ ကာဇက်စတန်သမ္မတ တိုကာယက်ဗ်က တောင်းဆိုခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ဆန္ဒပြလှုပ်ရှားမှုတွေ မြင့်တက်လာချိန်မှာ ကာဇက်စတန်သမ္မတ တိုကာယက်ဗ်က လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (CSTO)ထံ စစ်သည်တွေ စေလွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ CSTO ဟာ ရုရှားနဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်းရဲ့ နိုင်ငံ ၅ နိုင်ငံ ပူးပေါင်းဖွဲ့စည်းထားတဲ့ စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။

လောင်စာဆီဈေးနှုန်း မြင့်တက်ရာကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာတော့ နိုင်ငံရေးဆိုင်ရာ မမျှတမှုတွေပါ ပါဝင်လာခဲ့ပါတယ်။ ဆူပူအုံကြွမှုတွေဟာ ပြည်ပမှာ လေ့ကျင့်ထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့လုပ်ရပ် ဖြစ်တယ်လို့ သမ္မတ တိုကာယက်ဗ်က စွပ်စွဲထားပါတယ်။ကာဇက်စတန်အစိုးရက ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ တည်ဆောက်ဖို့ ပျက်ကွက်ခဲ့တာ၊ လူတန်းစားအလွှာစုံ အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ခဲ့တာတွေကနေ အမြစ်တွယ် ပေါက်ဖွားလာခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်တယ်လို့ လန်ဒန်မြို့ အခြေစိုက် ပြည်ပရေးရာ ဉာဏ်ကြီးရှင်အဖွဲ့ Chatham House ရဲ့ ဗဟိုအာရှအရေး ကျွမ်းကျင်သူ ကိတ်မာလင်ဆန်က ပြောပါတယ်။

ကာဇက်စတန်သမ္မတ တိုကာယက်ဗ်က ညမထွက်ရအမိန့် ထုတ်ပြန်မှု၊ လူစုလူဝေးလုပ်ခွင့် ပိတ်ပင်မှုတွေလုပ်ပြီး နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားသလို ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ကာဇက်စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အာဏာပိုင်တွေ၊ ဆန္ဒပြသူတွေအနေနဲ့ ချင့်ချိန်စဉ်းစားပြီး လုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

လက်ရှိသမ္မတ တိုကာယက်ဗ်ဟာ ၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာဇက်စတန်နိုင်ငံရဲ့ ဒုတိယမြောက်သမ္မတ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က တိုကာယက်ဗ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်းတွေအပေါ် လေးစားမှုမရှိခဲ့ဘူးဆိုပြီး ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE)က ရှုတ်ချခဲ့ပါတယ်။ ကာဇက်စတန်နိုင်ငံရဲ့ ဆန္ဒပြပွဲတွေမှာ သမ္မတဟောင်း နာဇာဘာယက်ဗ်ကို ဒေါသထွက်မှုတွေ တွေ့ရပါတယ်။ နာဇာဘာယက်ဗ်ဟာ သမ္မတရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက်မှာလည်း သြဇာကြီးတဲ့ အမျိုးသားလုံခြုံရေးအဖွဲ့မှာ တာဝန်ယူခဲ့သူပါ။ ဆန္ဒပြပွဲတွေ မြင့်တက်လာချိန်မှာ အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက နာဇာဘာယက်ဗ်ရဲ့အမည်ကို အော်ဟစ်ခဲ့ကြပြီး သူ့ရဲ့ကြေးရုပ်တုကို လဲချဖို့ ကြိုးစားနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခုလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဝင်ရောက်လာလို့ ကာဇက်စတန်နိုင်ငံ အဓိကလေဆိပ်ထဲက ဝန်ထမ်းတွေ ထွက်ပြေးခဲ့ကြရပါတယ်။ ဆန္ဒပြသူတွေက အစိုးရအဆောက်အအုံတွေကိုလည်း ပစ်မှတ်ထားခဲ့ပြီး အယ်မာတီမြို့တော်ဝန်ရုံးကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ကာဇက်စတန်နိုင်ငံ အနောက်ပိုင်း အက်တိုဘီမြို့မှာ ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေနဲ့ လူစုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့နေရာတွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Ref: BBC “Kazakhstan unrest: Government calls for Russian help”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top