လိမ်လည်မှုနဲ့ စွဲချက် ၄ ခု အပြစ်ရှိတဲ့အတွက် ထောင် အနှစ် ၂၀ စီ ရင်ဆိုင်ရနိုင်ဖွယ်ရှိတဲ့ အသက်အငယ်ဆုံးဘီလျံနာဖြစ်ခဲ့သူ

5-2-2022-yyl8.jpg

တစ်ချိန်က အမေရိကန်နိုင်ငံမှာ အချမ်းသာဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အသက် ၃၇ နှစ် အရွယ် အဲလိဇဘတ် ဟုမ်းစ် (Elizabeth Holmes) ဆိုတဲ့ အမျိုးသမီးဟာ လိမ်လည်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးတဲ့နောက် အခုဆိုရင် စွဲချက် ၄ ခုအတွက် ထောင် အနှစ် ၂၀ စီ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

အဲလိဇဘတ် ဟုမ်းစ်ဟာ ဆေးဘက်ဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Theranos ကို တည်ထောင်ခဲ့တာပါ။ ၂၀၀၃ခုနှစ် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ချိန်က သူ့အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ သူ့ကုမ္ပဏီက ထုတ်လုပ်တဲ့ သွေးစစ်ဆေးတဲ့စက် (blood testing machine)တွေက သွေးတစ်စက်တည်းအသုံးပြုပြီး စမ်းသပ်မှုများစွာပြုလုပ်နိုင်ကာ ရောဂါတွေ ရှာဖွေဖော်ထုတ်နိုင်တယ်လို့ အခိုင်အမာဆိုခဲ့တာပါ။ ရင်းနှီးမြုပ်နှံသူတွေက ဒီနည်းပညာကို ယုံကြည်ပြီး မြန်မြန်ဆန်ဆန် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ၂၀၁၄ခုနှစ်မှာ Theranos ကုမ္ပဏီက ဒေါ်လာ ၉ ဘီလျံ တန်ကြေးရှိခဲ့ပြီး ကုမ္ပဏီတည်ထောင်သူ အဲလိဇဘတ် ဟုမ်းစ်ကလည်း အသားတင်ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၄.၅ ဘီလျံရှိခဲ့ပါတယ်။ Forbes က အမေရိကန်မှာ အချမ်းသာဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

သူ့ကို စတိဗ်ဂျော့နောက်တစ်ယောက်လို့တောင် ခေါ်ဝေါ်ခဲ့ကြသလို Silicon Valley ဟီးရိုးအဖြစ် ချီးကျူးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒါက ကြာရှည်မခံခဲ့ပါဘူး။ Wall Street Journal က သတင်းထောက်တစ်ဉီးဟာ အဲလိဇဘတ် ဟုမ်းစ်ရဲ့သွေးစစ်ဆေးစက်အပေါ်အခိုင်အမာပြောဆိုမှုနဲ့ပတ်သက်ပြီး သံသယဖြစ်လာခဲ့ပြီး စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီးတဲ့နောက်မှာတော့ ဟုမ်းစ်ရဲ့ကုမ္ပဏီက ပြိုလဲခဲ့ပါတယ်။ Theranos ကုမ္ပဏီအတွင်းက သတင်းပေးသူတွေထံက မှတ်ချက်တွေပါတဲ့ ဆောင်းပါးအတွဲလိုက်မှာ Wall Street Journal က Theranosရဲ့သွေးနဲ့ရောဂါစစ်ဆေးစမ်းသပ်တဲ့စက်က မတိကျဘူးလို့ အခိုင်အမာဆိုခဲ့ပါတယ်။

ဟုမ်းစ်ကတော့ ဒီအခိုင်အမာပြောဆိုချက်ကို “မင်း တစ်ခုခုကို ပြောင်းလဲဖို့ လုပ်ဆောင်တဲ့အခါ ဒါတွေက ဖြစ်လာမှာပဲ။ ပထမတော့ သူတို့တွေက မင်းကို ရူးနေတယ်။ ပြီးရင် မင်းကို တိုက်ခိုက်ကြတယ်” လို့ ပြောကြားရင်း ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ခုနှစ်မှာ ဟုမ်းစ်က သူ့နဲ့အချစ်ဇာတ်လမ်းရှိခဲ့တဲ့ အော်ပရေရှင်းခေါင်းဆောင်ဟောင်း ရာမက်ချ် ဘောလ်ဝါနီ (Ramesh Balwani) နဲ့အတူ တရားစွဲဆိုခံခဲ့ရပါတယ်။ ဟုမ်းစ်က စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့အမှုကို လေးလနီးပါးကြာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ တရားခွင်မှာ ဟုမ်းစ်က Theranos က အမှားတွေပြုလုပ်မိခဲ့တယ်လို့ သူ့ရဲ့ရှေ့နေတွေကတဆင့် ဝန်ခံခဲ့ပေမဲ့ ရင်းနှီးမြုပ်နှံသူတွေနဲ့ လူနာတွေကို လိမ်လည်လှည့်ဖြားဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ စွဲချက် ၁၁ ခုမှာ (၄) ခု အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ စွဲချက်တစ်ခုက ရင်းနှီးမြှုပ်နှံသူတွေကို လိမ်လည်လှည့်ဖြားဖို့ ပူးပေါင်းကြံစည်မှု၊ နောက်ထပ် (၃) ခုက ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ငွေတွေကို ရည်ရွယ်ချက်ရှိရှိ လိမ်လည်မှုတို့ပါပဲ။ အခုဆိုရင် ဟုမ်းစ်က စွဲချက် (၄) ခုနဲ့ အပြစ်ရှိတဲ့အတွက် စွဲချက်တစ်ခုစီကို အများဆုံး ထောင်အနှစ် ၂၀ စီ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အယူခံဝင်လို့ရဖို့တော့ မျှော်လင့်ရပါတယ်။ ထောင်ဒဏ်ချမှတ်မယ့်ရက်ကတော့ နောက်အပတ် စွဲချက် ၃ ခုအတွက် ကြားနာတဲ့အချိန်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Ladbible “One Of The World’s Youngest Ever Female Billionaires Now Faces 80 Years In Prison”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top