ခေါင်းလျှော်တဲ့အခါ ဆံသားပျက်စီးအောင် လုပ်မိတဲ့ အမှားများ

30-7-2020-yyl-038.jpg

တချို့မိန်းကလေးတွေအတွက် ခေါင်းလျှော်ရတာ လွယ်ကူကောင်းလွယ်ကူနိုင်ပါတယ်။ တကယ်တော့ ဆံပင်ကို ရေဓာတ်ကုန်ခန်းအောင်၊ ဆံပင်ကျိုးပဲ့အောင်၊ ဦးရေပြားရောဂါပိုးဝင်အောင် ကျွန်မတို့ သတိမပြုမိဘဲ လုပ်မိနေတဲ့ အမှားတချို့ရှိပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါမှာ လုပ်မိနေတဲ့အမှားတွေကို အခုပြောပြပေးမှာဖြစ်ပါတယ်။ တကယ်လို့ သင်လည်း ခေါင်းလျှော်တဲ့အခါမျိုးမှာ အဲဒီလိုအမှားတွေ လုပ်မိပြီးဆိုရင် ပြင်ဆင်သင့်ပါတယ်နော်။ ကဲ..ဆံပင်ပျက်စီးအောင် ခေါင်းလျှော်တဲ့အခါ ဘယ်လိုအမှားမျိုးတွေ လုပ်မိနေလဲဆိုတာ ကြည့်လိုက်ရအောင်..။

၁ ခေါင်းလျှော်ရည်သုံးပြီး မကြာခဏခေါင်းလျှော်တာ

ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကတော့ ခေါင်းလျှော်တဲ့အခါတိုင်း ခေါင်းလျှော်ရည်သုံးတာက ဆံသားသန့်ရှင်းသွားဖို့အတွက် မလိုအပ်ဘူးလို့ ဆိုပါတယ်။ ဆံသားကို ရေနဲ့ တစ်ပတ်ကို အကြိမ်များစွာ သန့်စင်ပေးမယ်ဆိုရင်လည်း မမြင်နိုင်တဲ့ဖုန်မှုန့်တွေကို ဖယ်ရှားပေးဖို့အတွက် လုံလောက်ပါတယ်။ ခေါင်းလျှော်ရည်သုံးပြီး ခေါင်းခဏခဏလျှော်တာက ဆံသားက အဆီနှစ်တွေကို ဖယ်ရှားလိုက်သလိုဖြစ်စေပါတယ်။ ဆံသားခြောက်သွေ့ခြင်းနဲ့ ပျက်စီးခြင်းကို ဆံသားရဲ့အဆီအနှစ်က ကာကွယ်ပေးတာကြောင့် ကျန်းမာတဲ့ဆံသားဖြစ်ဖို့ အဆီအနှစ်က မရှိမဖြစ်ပါပဲ။

၂ ရေများများမလောင်ဘဲ ခေါင်းလျှော်ရည်အများကြီးသုံးတာ

ခေါင်းလျှော်ရည်မသုံးခင် ဆံပင်ကို အနည်းဆုံး (၁) မိနစ်လောက် ရေသေချာချာလောင်ပေးသင့်ပါတယ်။ ခေါင်းလျှော်ရည်မသုံးခင် ဆံပင်ကို ရေလုံးဝစိုသွားစေတာကလည်း ခေါင်းလျှော်ဖို့အတွက် အရေးကြီးတဲ့အဆင့်ပါပဲ။ ဆံပင်အရင်းကနေအဖျားထိ ရေစိုသွားပြီဆိုရင် ခေါင်းလျှော်ရည်ကို သေချာသုံးပေးရုံပါပဲ။ ဒါက ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်နည်းနည်းပဲသုံးမိအောင် ကူညီပေးပါလိမ့်မယ်။

၃ ခေါင်းလျှော်ရည်သုံးပြီးမှ ပျော့ဆေးသုံးတာ

မိန်းကလေးတော်တော်များများက ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို အရင်ဆုံးသုံးပြီးမှ ပျော့ဆေးကို သုံးကြပါတယ်။ တချို့ဆံသားအမျိုးအစားတွေက ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ရည်ကို သုံးတာပိုကောင်းပါတယ်။ပျော့ဆေးကို အရင်သုံးတာက သင့်ဆံသားကို ပွပွရောင်းရောင်းမဖြစ်စေပါဘူး။ ဒီနည်းက အစိုဓာတ်လိုအပ်တဲ့ဆံသားအတွက် အကောင်းဆုံးဖြစ်ပါတယ်။

၄ ဆံသားအဖျားကို ခေါင်းလျှော်သုံးတာ

ခေါင်းလျှော်ရည်ကို ဆံသားအဖျားမှာ အများဆုံးသုံးမယ်ဆိုရင် ဆံသားအဖျားတွေကို ပျက်စီးစေပါတယ်။ ခေါင်းလျှော်ရည်ကို ဆံသားအဖျားထက် ဦးရေပြားမှာ သုံးဖို့လိုအပ်ပါတယ်။ ဆံသားအဖျားတွေက အမြဲလိုလိုခြောက်သွေ့တဲ့အတွက် အဖျားမှာ ခေါင်းလျှော်ရည်သုံးမယ်ဆိုရင် ပိုပြီးရေဓာတ်ကုန်ခန်းစေပါတယ်။

၅ ဦးရေပြားမှာ ဆံပင်ပျော့ဆေးသုံးတာ

ဦးရေပြားမှာ ဆံပင်ပျော့ဆေးသုံးတာက ဆံသားကို ပိုပြီးအဆီပြန်စေပါတယ်။ တကယ်တော့ ဆံပင်အဖျားက ပိုပြီးရေဓာတ်လိုအပ်တဲ့အတွက် ဆံပင်အဖျားမှာ ပျော့ဆေးကို ပိုသုံးပေးသင့်ပါတယ်။ ဦးရေပြားမှာ ပျော့ဆေးသုံးတာက ဆံပင်သန်တာနှေးကွေးစေတဲ့အပြင် အဆီထုတ်လုပ်မှုကိုလည်းတိုးလာစေကာ မွေးညင်းပေါက်တွေကို ပိတ်သွားစေနိုင်ပါတယ်။

၆ ဆံပင်မခြောက်သေးဘဲ ခေါင်းဖြီးတာ

ဆံပင်ရေစိုကြီးကို ခေါင်းဖြီးတာက ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဆံသားက ရေစိုနေတဲ့အချိန်မှာ အားနည်းနေတဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ တဘတ်နဲ့ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သုတ်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဆံသားခြောက်သွေ့အောင်လုပ်ဖို့ အကောင်းဆုံးနည်းက ဆံပင်ကို ပုတ်ပုတ်ပြီး သုတ်ပေးဖို့နဲ့ သဘာဝအတိုင်းအခြောက်ခံတာပါပဲ။

Ref: Hair Washing Mistakes You May Be Making

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top