ရင်သားကင်ဆာ ဖြစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတချို့

30-7-2020-yyl-033.jpg

အခြားကျန်းမာရေးပြဿနာတွေကို ဂရုစိုက်ရသလိုပဲ ရင်သားကျန်းမာရေးကို ဂရုစိုက်တာကလည်း မိန်းကလေးတိုင်းရဲ့တာဝန်ပါပဲ။ အသက်အရွယ်မရွေး ရင်သားနာကျင်တာ၊ ရင်သားမှာ အကျိတ်တွေ့တာတွေလို ရင်သားနဲ့ဆက်စပ်တဲ့ ပြဿနာတွေက အချိန်မရွေး ပေါ်လာနိုင်ပါတယ်။ နှစ်တိုင်း အမျိုးသမီးတော်တော်များများက ရင်သားနဲ့ဆက်စပ်တဲ့ ပြဿနာတချို့ကို ကြုံတွေ့ခံစားကြပြီး မိသားစုဝင်ထဲမှာ ရင်သားကင်ဆာပြဿနာရှိရင် မျိုးရိုးလိုက်တတ်ပါတယ်။

မိန်းကလေးတော်တော်များများက ရင်သားပြဿနာတွေနဲ့ ပတ်သက်ရင် ဘာမှ မဖြစ်နိုင်ပါဘူးဆိုပြီး မကြာခဏ လျစ်လျူရှုမိတတ်ကြပါတယ်။ ရင်သားကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ ခက်ခဲပေမယ့်လည်း ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့နည်းသွားစေနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ ဒါကြောင့် မိန်းကလေးတွေ သတိထားနိုင်စေဖို့ ရင်သားကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပါ

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ဖို့ လူတိုင်းကို အကြံပြုချင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း အရမ်းကြီးလုပ်စရာမလိုပါဘူး။ ပုံမှန်လေး လုပ်ပေးရုံပါပဲ။ တစ်နေ့ကို မိနစ် (၃၀) လောက် လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့အပြင် နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ချေကိုလည်း ဖြတ်တောက်ပေးပါတယ်။ ဘယ်လို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သင် စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

ရေဓာတ်ပြည့်ဝစွာနေပြီး ကျန်းမာရေးညီညွှတ်စွာ စားသောက်ပါ

တစ်နေ့တာ ကျွန်မတို့ သောက်တဲ့ ရေပမာဏနဲ့ စားတဲ့အစားအစာအမျိုးအစားက ကျွန်မတို့ရဲ့ကျန်းမာရေးမှာ အဓိကနေရာမှာ ပါဝင်ပါတယ်။ တစ်နေ့တာမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ပါအောင် စားသုံးပေးသင့်ပါတယ်။ မိန်းကလေးတွေ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးဖို့အတွက် ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့လို ဟင်းသီးဟင်းရွက်နဲ့ ဖရဲသီး၊ ဘယ်ရီသီး၊ ချယ်ရီသီးလို သစ်သီးတွေကို စားသုံးပေးသင့်ပါတယ်။ အိုမီဂါ (၃) ပါဝင်တဲ့ ငါး၊ ပဲပိစပ်၊ ဖရုံစေ့တို့ကိုလည်း စားသုံးပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်များတာကလည်း ရင်သားကင်ဆာဖြစ်နိုင်ချေများတယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။ ဒီနှစ်ခု သေချာပေါက် ဆက်စပ်မှုရှိတယ်လို့လည်း သိရပါတယ်။ ကိုယ့်ရဲ့အရပ်အမြင့်နဲ့ အလေးချိန်ကိုက်အောင် ထိန်းဖို့ ကြိုးစားကြည့်ပါ။ Body Mass Index ပမာဏမြင့်လာမယ်ဆိုရင် ရင်သားကင်ဆာအပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ချေတိုးလာစေပါတယ်။

အရက်ဘီယာသောက်တာကို စွန့်လွှတ်ပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဘဝနေထိုင်မှုက အသက်ရှည်ရှည်နေနိုင်ဖို့အတွက် အရေးကြီးပါတယ်။ သင့်ကျန်းမာရေးအတွက် အရက်ဘီယာသောက်သုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ အရက်ဘီယာတစ်ခွက်ထက် ပိုသောက်သုံးတဲ့မိန်းကလေးတွေက ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။ ဆေးရွက်ကြီးကလည်း ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ အဲဒါအပြင် အချိန်မှန်အိပ်ပြီး စိတ်ဖိစီးမှုကင်းအောင် နေထိုင်သင့်ပါတယ်။

Ref: Ways to boost your breast health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top