ပညာသင်ဆုအပိုထောက်ပံ့ကြေး ဒေါ်လာ ၄၀,၀၀၀ ကို အခြားတစ်ယောက်ဆီ ပေးပစ်ခဲ့တဲ့ ကျောင်းသူလေး

9-6-2-21-yl-13.jpg

ဗာဒါ တတ်တီချ် (Verda Tetteh) ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ကျောင်းမှာ စာတော်တဲ့သူတစ်ယောက်ဖြစ်ပြီး အထက်တန်းဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိန့်ခွန်းပြောခွင့်ရသူလေးလည်းဖြစ်ပါတယ်။ အခုနှစ်ထဲမှာ ပညာသင်ထောက်ပံ့ကြေးအပြည့်အဝနဲ့ ဟားဗက်ကောလိပ်ကို တက်ရောက်ရတော့မယ့် Fitchburg High School က ဗာဒါဟာ ပြီးခဲ့တဲ့အပတ် အထက်တန်းဘွဲ့ယူအခမ်းအနားမှာ အပိုထောက်ပံ့ကြေး ဒေါ်လာ ၄၀,၀၀၀ကို ရရှိခဲ့တာပါ။

ဗာဒါဟာ အသုံးစရိတ်အတွက် ဒီပညာသင်ထောက်ပံ့ကြေးကို အသုံးပြုလို့ရနိုင်ပေမဲ့ ဆုချီးမြှင့်ခံရပြီးတဲ့နောက်မှာပဲ အခြားတစ်ယောက်ကို ပေးပစ်ခဲ့ပါတယ်။ “အခုလိုရတဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ ဒီထောက်ပံ့ကြေးကို အလိုအပ်ဆုံးက သမီးမဟုတ်ဘူးဆိုတာလည်း သိပါတယ်” လို့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဗာဒါက ပြောကြားခဲ့ပါတယ်။

၄၇ နှစ်အရွယ်မှာ ကောလိပ်ဒီဂရီရခဲ့တဲ့ သူ့ရဲ့မိခင် ရို့စ်မယ်ရီ (Rosemary) က တစ်စုံယောက်ကို ပညာသင်ဆုကြေးပေးပစ်ဖို့အတွက် တွန်းအားဖြစ်စေခဲ့တယ်လို့ ဗာဒါက ပြောပါတယ်။ “သမီးရဲ့အမေ ကောလိပ်တက်ရတဲ့အချိန်မှာ ရုန်းကန်ခဲ့ရသလိုမျိုး ဒီနေရာမှာ ထိုင်နေကြတဲ့ တစ်စုံတစ်ယောက်မှာလည်း အခက်အခဲရှိမယ်ဆိုတဲ့ အတွေးမျိုးတွေးမိခဲ့တာပါ” လို့ ဗာဒါက ပြောပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမထဲက လူအုပ်ထဲမှာ ရှိနေတဲ့ သူ့မိခင်ကလည်း ဂုဏ်ယူဝမ်းမြောက်စွာနဲ့ လက်ခုပ်တီးပေးခဲ့ပါတယ်။ “ကျွန်မ ဝမ်းသာပြီး မတ်တပ်ရပ်ကာ အကျယ်ကြီး အော်မိခဲ့ပါတယ်။ သူမ ဘာလို့ အဲဒီလောက် အော်နေတာလဲ အခြားသူတွေပြောမှာဆိုးပေမဲ့ သမီးရဲ့ဆုံးဖြတ်ချက်အတွက် အရမ်းဝမ်းသာမိခဲ့တာပါ” လို့ ရို့စ်မယ်ရီက ဆိုပါတယ်။ ဗာဒါက ဟားဗတ်မှာ ဓာတုဗေဒပညာရပ်ကို လေ့လာသင်ယူဖို့ စီစဉ်ထားပါတယ်။ သူမ စွန့်လွှတ်လိုက်တဲ့ ပညာသင်ထောက်ပံ့ကြေးကို ဘယ်သူရရှိမလဲဆိုတာကိုတော့ မသိရသေးဘူးလို့ CBS သတင်းဌာနအရ သိရပါတယ်။

“ဘယ်အရာမဆို ပေးနိုင်ဖို့ သင့်မှာ ကမ္ဘာကြီးတစ်ခုလုံး မပိုင်ဆိုင်ပေမဲ့ မင်းမှာ နည်းနည်းတော့ ရှိပါတယ်။ မင်းအနီးနားမှာရှိတဲ့ အခြားသူတွေအတွက် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို စဉ်းစားပေးပါ” လို့ ဗာဒါက ဆိုပါတယ်။

Ref: CBSNews “Harvard-bound student asks high school to give her $40,000 scholarship to someone else”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top