ဇာတ်မြင့်တဲ့ အမျိုးသား ၄ ယောက်က အုပ်စုဖွဲ့အဓမ္မကျင့်လို့ ဒလိတမျိုးနွယ်ဝင် အမျိုးသမီးတစ်ယောက် သေဆုံး

29-9-2002-yyl-008.jpg

ဇာတ်မြင့်တဲ့ အမျိုးသား ၄ ယောက်က အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့လို့ ဒလိတဇာတ်နိမ့်နွယ်ဝင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ စက်တင်ဘာလ ၁၄ ရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒက်ရှ်ပြည်နယ်၊ ဟာသရခရိုင်မှာ အမျိုးသား ၄ ယောက်က သူ့ကို လယ်ကွင်းထဲ တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီး အဓမ္မကျင့်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

” သူ့ကို သေပါစေဆိုပြီး ပစ်ထားခဲ့ကြတာပါ။ သူက အသက်ရှင်နိုင်ဖို့ ၁၄ ရက်ကြာ တိုက်ပွဲဝင်ခဲ့ပါသေးတယ်”လို့ အဓမ္မကျင့်ခံရသူရဲ့ အစ်ကိုက ပြောပါတယ်။ အုပ်စုဖွဲ့ အဓမ္မကျင့်မှု ဖြစ်ပွားပြီး ၁၀ ရက်ကြာချိန်အထိ ဘယ်သူ့ကိုမှ ဖမ်းဆီးခဲ့တာမျိုးမရှိဘူးလို့ သူက ဆိုပါတယ်။ အုပ်စုဖွဲ့အဓမ္မကျင့်ခံရတဲ့ဖြစ်ရပ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ အမျိုးသမီးကို နယူးဒေလီမြို့ဆေးရုံ တင်ပို့ခဲ့ပေမဲ့ စက်တင်ဘာလ ၂၈ ရက်က ကွယ်လွန်သွားခဲ့တာပါ။

အုပ်စုဖွဲ့အဓမ္မကျင့်မှုမှာ အဓိကသံသယရှိသူဟာ ဒီဒေသမှာ နေထိုင်တဲ့ ဒလိတတွေကို အမြဲတစေ အနိုင်ကျင့်လေ့ရှိတယ်လို့ ကျူးလွန်ခံရသူရဲ့မိသားစုက ပြောပါတယ်။ ဥတ္တရာပရာဒက်ရှ်ပြည်နယ်ရဲ့ အတိုက်အခံပါတီတွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ ဒလိတမျိုးနွယ်ဝင် နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ အဇာဒရဲ့ ပါတီကတော့ အုပ်စုဖွဲ့အဓမ္မကျင့်ခံရသူ အမျိုးသမီး သေဆုံးမှုအတွက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဟိန္ဒူဇာတ်စနစ်ရဲ့ အောက်ဆုံးအဆင့်မှာရှိတဲ့ ဒလိတတွေဟာ အရင်တုန်းက မထိရလို့ သတ်မှတ်ခံခဲ့ရသူတွေပါ။

သူတို့ကို ကာကွယ်ပေးနိုင်ဖို့ ဥပဒေတွေ ထုတ်ပြန်ထားပေမဲ့ နေ့စဉ်ဘဝမှာတော့ ခွဲခြားဆက်ဆံမှုတွေ ရှိနေတုန်းပါပဲ။ အိန္ဒိယနိုင်ငံမှာ ဒလိတမျိုးနွယ်ဝင် သန်း ၂၀၀ လောက် ရှိပါတယ်။
၁၉ နှစ်အရွယ် မိန်းကလေး သေဆုံးမှုဟာ တွစ်တာပေါ်မှာ လူပြောအများဆုံးကိစ္စတစ်ခုဖြစ်နေပြီး တချို့ကတော့ သူ့ကို နီရာဘယ(၂၀၁၂ ခုနှစ်က နယူးဒေလီမြို့ ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့အဓမ္မကျင့်ခံရ၍ သေဆုံးခဲ့သည့် ကျောင်းသူ)လို့ ခေါ်ကြပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို သတိထားမိလာကြပြီး အကြီးအကျယ် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့သလို မုဒိန်းမှုဥပဒေတွေကို ပြောင်းလဲခဲ့ပေမဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ပြစ်မှုကျူးလွန်တာတွေကတော့ လျော့ကျသွားတဲ့ အရိပ်အယောင် မရှိသေးပါဘူး။

Ref: Hathras gang rape victim’s death sparks outrage

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top